ရှန်းဂန်ဗီဇာကင်းလွတ်ခွင့် ထိုင်းလူမျိုးတွေအတွက် အိပ်မက်မဟုတ်တော့ကြောင်း ဆရက်ထာပြော
PUBLISHED - March 16, 2024
နိုင်ငံတကာ၊ မတ် ၁၆
ဥရောပသမဂ္ဂနဲ့ ညှိနှိုင်းပြီးပြီဖြစ်တဲ့အတွက် (ဥရောပ ၂၇ နိုင်ငံပါဝင်တဲ့) ရှန်းဂန်နယ်မြေနိုင်ငံတွေနဲ့ ဗီဇာကင်း လွတ်ခွင့်ရရှိဖို့ဆိုတာ ထိုင်းနိုင်ငံသားတွေအတွက် အိပ်မက်မဟုတ်တော့ကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာ ထာဗီဆင်က ထိုင်းလူထုကို ပြောကြားလိုက်ပါတယ်။
“၂၀၂၄ ခုနှစ်ဟာ ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍအတွက် သမိုင်းဝင်နှစ်တစ်နှစ်ဖြစ်လိမ့်မယ်။” လို့ သောကြာနေ့ (မတ်လ ၁၅ ရက်နေ့) က ကျင်းပခဲ့တဲ့ “ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအစပြုခြင်း” အခမ်း အနားမှာ မိန့်ခွန်းပြောကြားစဉ် ဝန်ကြီးချုပ်က ပြောပါတယ်။
အစိုးရသစ်တက်လာတဲ့ အစောဆုံးအချိန်မှာ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ချမှတ်ကျင့်သုံးခဲ့တဲ့အတွက် ထိုင်းအစိုး ရဟာ နိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဦးစားပေးဆောင်ရွက်နေတယ်ဆိုတာ သက်သေပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်း-တရုတ် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ကို အခုနှစ် ဇန်နဝါရီလမှာ သဘောတူညီလက်မှတ်ရေးထိုးခဲ့တဲ့အ တွက် နှစ်နိုင်ငံပြည်သူတွေအနေနဲ့ ဗီဇာမလိုဘဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။
အဲဒီဗီဇာကင်းလွတ်ခွင့်ကြောင့် ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါဘေးမဖြစ်မီအချိန်နဲ့ နှိုင်းယှဉ်ရင် ထိုင်းနိုင်ငံကို ရောက်ရှိလာမယ့် တရုတ်ခရီးသွားဦးရေဟာ သုံးဆမြင့်တက်လာနိုင်ကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) က ခန့်မှန်းထားပါတယ်။
ဥရောပသမဂ္ဂအဖွဲ့နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်ပြီး ထိုင်းနိုင်ငံသားတွေအတွက် ရှန်းဂန်နယ်မြေနိုင်ငံတွေနဲ့ ဗီဇာကင်း လွတ်ခွင့်ရရှိရေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့တုံ့ပြန်မှုတွေရရှိခဲ့တာကြောင့် ဒီကိစ္စဟာ အိပ်မက်တစ်ခုမဟုတ် တော့ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ပိုမိုဝင်ရောက်လာမယ့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် ကြိုတင်ပြင်ဆင်ရာမှာ ခရီးသွားတွေ စိတ်ကျေနပ်မှုရှိ စေဖို့အတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေလို အခြေခံလုပ်ငန်းတွေကို အဆင့်မြှင့်တင်ထားရမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။
နိုင်ငံရေးလောကကို မဝင်ခင်က ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းသူဌေးကြီးဖြစ်သူ ဆရက်ထာဟာ ဥရောပခရီး စဉ်အတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ဥရောပကနေ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
၎င်းအနေနဲ့ ထိုင်းနိုင်ငံတွင်း သမရိုးကျ အတွင်းအင်ဂျင်ပေါက်ကွဲစွမ်းအင်သုံးကားတွေနဲ့ လျှပ်စစ်ကားတွေ ယှဉ် ပြိုင်ထုတ်လုပ်ဖို့အတွက်လည်း လုပ်ငန်းရှင်တွေကို ကြိုးစားစည်းရုံးလျက်ရှိကြောင်း ဆရက်ထာက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ စတိုးဆိုင်ကြီးတွေလာရောက်ဖွင့်လှစ်ဖို့အတွက်လည်း ပြင်သစ် LVMH Group က အမှု ဆောင်အရာရှိတွေနဲ့ ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ပြင်သစ်ခရီးစဉ်အတွင်း ဆရက်ထာဟာ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း၊ လေ ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်သန့်စင်ရေးလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ အားကစားလုပ်ငန်း၊ ဧည့်ခံဖျော်ဖြေ ရေးလုပ်ငန်းနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ပြင်သစ် ကုမ္ပဏီပေါင်း ၂၀ ကျော်က အမှု ဆောင်အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ခရီးစဉ်မှာ ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာလည်း လိုက်ပါခဲ့ပါတယ်။
Ref: Srettha says waiver of Schengen visa for Thais ‘no longer a dream’
#PeopleMedia