ရှေးဟောင်းသမိုင်းဝင်ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားသို့ နစကဥက္ကဋ္ဌ တက်ရောက်
PUBLISHED - March 18, 2024
နေပြည်တော်၊ မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်ရှိ ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီး အား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေက ဇာတင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး တက်ရောက်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော် မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည် ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ မိသားစုဝင်များ၊ အဖွဲ့ ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီ တော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ မဟာမင်္ဂလာမဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံ နေရာသို့ ပို့ဆောင်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်းအနား တက် ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ ၎င်းနောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခဲ့သည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ခန့် သာသနာသက္ကရာဇ် ၁၄၇၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၉၄ ခုနှစ် ပဲခူး ဟံသာဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့ကြ သည့် သမလမင်းဆက် (၁၇) ဆက်အနက် အဋ္ဌမမြောက် မွန်မင်းဆက်ဖြစ်သည့် ဂိဇ္ဈဓိယမင်းနှင့် မိဖုရားတို့ တည် ထားကိုးကွယ်ခဲ့သည့် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျ စေတီတော် မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးစေတီဖြစ်ကြောင်း၊ စေတီတော်များရှိ ဌာပနာ တိုက်များအတွင်း ရှေးမင်းအဆက်ဆက်တို့ ကိုးကွယ်တော်မူခဲ့သော မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်များ၊ အများပြည်သူတို့ လှူဒါန်းသည့် ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားများကို ထည့်သွင်းပူဇော်တည်ထားခဲ့ရာ သာသနာသက္ကရာဇ် ၁၄၈၀၊ ကောဇာ သက္ကရာဇ် ၂၉၈ ခုနှစ်တွင် တည်ထားပြီးမြောက်တော်မူခဲ့ကြောင်း သိရသည်။
#PeopleMedia