• Follow Us on

Home လက်နက်ကိုင်အဖွဲ့အစည်းအချို့က ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင် တင်သွင်းနေပြီး ပြည်ပဓါတုပညာရှင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများချက်လုပ်နေကြောင်း ရဲချုပ်ပြောကြား

လက်နက်ကိုင်အဖွဲ့အစည်းအချို့က ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင် တင်သွင်းနေပြီး ပြည်ပဓါတုပညာရှင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများချက်လုပ်နေကြောင်း ရဲချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဩဂုတ် ၃၁

 

လက်နက်ကိုင်အဖွဲ့အစည်းအချို့က ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင် တင်သွင်းနေပြီး ပြည်ပဓါတုပညာရှင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများ ချက်လုပ်နေကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသော (၁၈) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံဝန်ကြီး အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ သို့ တက်ရောက်ခဲ့သည်။

 

(၁၈)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ ရှိ Latsavong Wanda Vista ဟိုတယ်၌ ဩဂုတ်လ ၂၈ ရက်၊ နံနက် ၈ နာရီခွဲတွင် ကျင်းပရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ဝန်ကြီးအဆင့်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ စုစုပေါင်း ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

 

ရဲချုပ်က မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူသန်းပေါင်းများစွာ၏ ဘဝများကို ဆိုးရွားစွာ ထိခိုက်စေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုသည် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် ငွေကြေးခဝါချမှု၊ လက်နက် မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့နှင့် တစ်နည်းတစ်ဖုံဆက်စပ်နေကြောင်း၊ မြန်မာအာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ Precursor chemical များစီးဆင်းမှုကို ထိန်းချုပ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် နေကြောင်း ပြောသည်။

 

သို့ရာတွင် နယ်စပ်ဒေသများမှတစ်ဆင့် စီးဝင်နေသော တရားမဝင်ဓာတုပစ္စည်းများအား ထိန်းချုပ်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံသည် Precursor chemical များကို မထုတ်လုပ်နိုင်သော် လည်း အဆိုပါဓါတုပစ္စည်းများသည် နယ်စပ်တစ်လျှောက်ရှိ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများသို့ လမ်းကြောင်းအမျိုးမျိုးဖြင့် တရားမဝင်ဝင်ရောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းအချို့က မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆို ထားသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင် တင်သွင်းနေပြီး ပြည်ပဓါတုပညာရှင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများ ချက်လုပ်နေကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်က ပြောသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအထူးစစ်ဆင် ရေးများကို (၄၀) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Operation 39 ကို ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းနှင့် မူးယစ်ဆေးဝါး အမြောက်အမြားကို အောင်မြင်စွာ ဖမ်းဆီးရမိခဲ့ကြောင်း၊ သို့ဖြစ်၍ Operation 39/24 ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းဖြန့်ကျက်နိုင်သော မူးယစ်ဆေးဝါး၏ သဘောသဘာဝ ကို အသိအမှတ်ပြုကာ အစိုးရများအကြား၊ အဖွဲ့အစည်းများအကြား၊ လူ့အသိုင်းအဝိုင်းများအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေရန်နှင့် သက်သေအထောက်အထားအခြေပြု မဟာဗျူဟာများ ရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်ရန် မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

 

#PeopleMedia


Share this post