လက်နက်မပို့တော့ဘူးဆိုတဲ့ ဘိုင်ဒန်ရဲ့ခြိမ်းခြောက်စကား အလွန်စိတ်ပျက်စရာကောင်းကြောင်း အစ္စရေးပြော
PUBLISHED - May 10, 2024
နိုင်ငံတကာ၊ မေ ၁၀
အစ္စရေးတပ်တွေ ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင် နောက်ထပ်လက်နက်တင်ပို့ မှုတွေ ရပ်ဆိုင်းလိုက်တော့မယ်ဆိုတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ခြိမ်းခြောက်မှုကို စိတ်ပျက်မိကြောင်း အစ္စရေးထိပ်တန်းအရာရှိနှစ်ဦးက ဝေဖန်ပြောကြားလိုက်ပါတယ်။
“စစ်ပွဲစတင်ကတည်းက ကျွန်တော်တို့ ကျေးဇူးတင်လာရတဲ့ သမ္မတတစ်ယောက်ဆီက ကြားလိုက်ရတဲ့စကား က အလွန်စိတ်ပျက်စရာပါ။” လို့ အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးဂျီလတ်အာဒန်က အစ္စရေးနိုင်ငံ ရဲ့ ပထမဦးဆုံးတုံ့ပြန်မှုအဖြစ် အစိုးရရေဒီယိုအသံလွှင့်ဌာနကို ပြောပါတယ်။
ရာဖာမြို့အရှေ့ဘက်ကို တင့်ကားတွေစေလွှတ်ပြီး သတ်မှတ်နေရာတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ အစ္စရေးစစ် ဆင်ရေးကို နိုင်ငံတကာက ကန့်ကွက်နေတာကို အစ္စရေးနိုင်ငံက ပယ်ချခဲ့ပါတယ်။
ရာဖာမြို့ဟာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ နောက်ဆုံးကျန်ရှိတဲ့မြို့ဖြစ်ကြောင်း အစ္စရေးကပြောပေမဲ့ အီဂျစ်နယ်စပ်နဲ့ ထိစပ်နေတဲ့ အဲဒီမြို့မှာ စစ်ဘေးရှောင်ပါလက်စတိုင်းအရပ်သားတွေ ပြည့်ကျပ်နေတယ်လို့ ဆို ပါတယ်။
“သူတို့ (အစ္စရေးတပ်တွေ) ရာဖာမြို့ထဲကိုဝင်ရောက်သွားမယ်ဆိုရင် မြို့ကြီးတွေကို တိုက်ခိုက်နေတဲ့လက်နက် တွေကို ကျွန်တော်ထောက်ပံ့မှာမဟုတ်ပါဘူး။” လို့ ဘိုင်ဒန်က CNN အင်တာဗျူးမှာ ပြောပါတယ်။
“အဲဒီဗုံးဒဏ်တွေကြောင့် ဂါဇာဒေသမှာ အရပ်သားတွေ သေဆုံးကုန်ပါပြီ။ ဒါက လုံးဝမှားယွင်းမှုပါပဲ။” လို့ ဘိုင်ဒန်က ပြောပါတယ်။
ဘိုင်ဒန်ရဲ့ ပြောကြားချက်ဟာ အစ္စရေးရန်သူတွေဖြစ်တဲ့ အီရန်၊ ဟားမတ်စ်နဲ့ ဟစ်ဘိုလာတို့ကို ၎င်းတို့အောင်ပွဲ ရဖို့အတွက် မျှော်လင့်ချက်ပေးတဲ့ အကြောင်းအရာအဖြစ် သဘောထားမှတ်ယူကြလိမ့်မယ်လို့ ဂျီလတ်အာဒန် က ပြောပါတယ်။
“အကြမ်းဖက်သမားတွေ၊ ဓားစာခံတွေနဲ့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်တွေ ထောင်ပေါင်းများစွာစုဝေးတည်ရှိနေ တဲ့ ရာဖာလို အရေးကြီးပြီး အဓိကကျတဲ့မြို့ကြီးကို ဝင်ရောက်မယ့်အစ္စရေးကို တားဆီးခဲ့ရင် ကျွန်တော်တို့ ရည် မှန်းချက်တွေ ဘယ်လိုအောင်မြင်မှာလဲ။” လို့ ၎င်းက ပြောပါတယ်။
“ဒါက ခုခံစစ်လက်နက်မဟုတ်ဘူး။ ဒါဟာ တိကျတဲ့ထိုးစစ်ဗုံးတွေဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောရရင် အစ္စ ရေးနိုင်ငံတော်ဟာ နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက် ဆောင်ရွက်ဖို့လိုအပ်တဲ့အရာတွေကို ဆောင်ရွက်သွားရ မှာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်က ခြိမ်းခြောက်နေပေမဲ့ အစ္စရေးအစိုးရအနေနဲ့ မိမိတို့ရည်မှန်းချက်အတိုင်း အောင်မြင်အောင်ဆက် လက်ဆောင်ရွက်သွားမှာပဲဖြစ်ကြောင်း အစ္စရေးလက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီး ဘဲဇလယ်လ်စမတ်ထရစ်က ပြောပါတယ်။
“သမ္မတဘိုင်ဒန်က လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင်လည်း ဒီစစ်ပွဲမှာ ကျွန်တော်တို့ အပြီးသတ် အောင်ပွဲရရှိမှာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ဟားမတ်စ်စစ်သွေးကြွတွေကို အပြီးတိုင်ချေမှုန်းသုတ်သင်မပြီးမချင်း၊ ကျွန်တော်တို့ဓားစာခံတွေ အိမ်ပြန်မ ရောက်မချင်း စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားရမှာပဲဖြစ်တယ်။ ဒီကိစ္စထဲမှာ ရာဖာကို အနှေးနဲ့ အမြန် အပြီး တိုင်သိမ်းပိုက်တိုက်ခိုက်ရေးလည်းပါဝင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Israel Says Biden Threat to Stop Arms ‘Very Disappointing’
#PeopleMedia