လက်ဘနွန်နယ်စပ်မှာ စစ်ဆင်ရေးတစ်ရပ်ဆောင်ရွက်တော့မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးပြော
PUBLISHED - January 31, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲအရှိန်မြင့်နေစဉ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ မကြာ ခင်အချိန်အတွင်းမှာ အစ္စရေးမြောက်ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘက်ဘနွန် နယ်စပ်အနီးမှာ စစ်ဆင်ရေး ဆောင်ရွက်တော့မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးယူအက်ဂါးလန့်က တနင်္လာနေ့ (ဇန်နဝါရီလ ၂၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တချို့ကို နိုင်ငံမြောက်ပိုင်းမှာ တပ်ဖြန့်ချထားတော့မှာဖြစ်ကြောင်း သိမ်းပိုက်ထားတဲ့ ဂါဇာကမ်း မြောင်ဒေသအနီးက တပ်ဖွဲ့ဝင်တွေကို ဂါးလန့်က ပြောပါတယ်။
“အဲဒီတပ်ဖွဲ့ဝင်တွေဟာ မကြာခင်အချိန်လေးအတွင်းမှာပဲ စစ်ဆင်ရေးစတင်ဆောင်ရွက်တော့မှာဖြစ်တယ်။ ဒါ့ ကြောင့် မြောက်ပိုင်းကတပ်ဖွဲ့ဝင်တွေဆီကို ထပ်မံအားဖြည့်နေတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“လက်ရှိဒီဘက်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်သည်တွေ ထွက်ခွာပါတော့မယ်။ သူတို့တွေ မြောက်ပိုင်းကို ချီ တက်ကြပြီး နောက်ထပ်စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်နေကြပါပြီ။” လို့ ၎င်းက ပြောပါတယ်။
အနာဂတ်ကာလစစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီး တိုက်ပွဲဝင်အသင့်အနေအထားဖြစ်အောင်လို့ အရန်တပ်ဖွဲ့ဝင်တွေကို တဖြည်းဖြည်း ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ကတည်းက လက်ဘနွန်-အစ္စရေး နယ်စပ်မှာ အစ္စရေးစစ်တပ်နဲ့ အီရန်ထောက်ပံ့ထားတဲ့ ဟားမတ်အဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ ဟစ်ဘိုလာအဖွဲ့တို့ နေ့ စဉ်လိုလို အပြန်အလှန်ပစ်ခတ် လျက်ရှိပါတယ်။
နယ်စပ်ဒေသအနီးက အစ္စရေးတပ်စခန်းတွေကို Falaq-1 ဒုံးကျည်တွေနဲ့ Burkan ဒုံးကျည်တွေအသုံးပြုပြီး ၁၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာမှာ အဲဒီတိုက်ခိုက်မှုတွေဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဟစ်ဘိုလာအဖွဲ့က တနင်္လာနေ့က ပြောပါတယ်။
အစ္စရေးဘက်ကလည်း လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာပစ်မှတ်တွေကို လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ ကြောင်း အစ္စရေးစစ်တပ်က တနင်္လာနေ့နှောင်းပိုင်းမှာ ပြောပါတယ်။
“ပစ်မှတ်တွေထဲမှာ လက်ဘနွန်တောင်ပိုင်းက မာကာဘာ၊ တေဘာ့နဲ့ မာရွန်အယ်လ်ရက်စ်တို့မှာရှိတဲ့ ဟစ်ဘို လာတွေရဲ့ အခြေခံအဆောက်အဦတွေနဲ့ စောင့်ကြည့်လေ့လာရေးစခန်းတစ်ခုတို့ပါဝင်ပါတယ်။” လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဒုံးကျည်လေးငါးစင်း လက်ဘနွန်ဘက်ကနေ ပစ်ခတ်ခဲ့တဲ့အတွက် အစ္စရေးတပ်တွေက လက်ဘနွန်နိုင်ငံထဲက အဲဒီဒုံးကျည်ပစ်ခတ်တဲ့နေရာတွေနဲ့ တခြားနေရာတွေကို ပြန်လည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောပါ တယ်။ အစ္စရေးနိုင်ငံ မြောက်ပိုင်းန်စပ်မှာ စစ်ဖြစ်ဖို့ အတော်လေးနီးစပ်နေပြီလို့ အစ္စရေးကြည်းတပ်အကြီးအကဲ ဟာဇီး ဟယ်လဗီက ပြောပါတယ်။
“ဘယ်အချိန် စစ်ပွဲစဖြစ်မယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ပြောနိုင်တာကတော့ အရင်တုန်းက ထက် စစ်ဖြစ်ဖို့ အတော်လေး နီးစပ်နေပြီလို့ပဲ ပြောနိုင်ပါတယ်။” လို့ ဟယ်လဗီက ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ကစပြီး အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းမှာ ဟစ်ဘိုလာ အများစုပါဝင်တဲ့ လူဦးရေ ၂၀၀ ကျော်သေဆုံးသွားခဲ့ကြောင်း AFP က ပြောပါတယ်။
အစ္စရေးဘက်မှာလည်း တပ်ဖွဲ့ဝင် ၉ ဦးနဲ့ အရပ်သား ၆ ဦး သေဆုံးသွားကြောင်း အစ္စရေးအရာရှိတွေက ပြောပါတယ်။
Ref: Israel Troops to ‘Go Into Action’ Soon at Lebanon Border: Minister
#PeopleMedia