လက်ဘနွန်နိုင်ငံသားတွေကို မော့ဆက်ထောက်လှမ်းရေးအဖွဲ့နဲ့ ဆက်သွယ်ဖို့ အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် တိုက်တွန်း
PUBLISHED - March 11, 2024
နိုင်ငံတကာ၊ မတ် ၁၁
အစ္စရေးကို ကူညီချင်တဲ့ လက်ဘနွန်နိုင်ငံသားတွေအနေနဲ့ အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့နဲ့ ဆက် သွယ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ အာရပ်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အက်ဗီခေးအက်ဒရီး က တနင်္ဂနွေနေ့ (မတ်လ ၁၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“မကြာသေးခင်ကပဲ လက်ဘနွန်နိုင်ငံသားအများအပြားဆီက message တွေ လက်ခံရရှိခဲ့ပါတယ်။ အဲဒီအထဲ မှာ သူတို့ကိုယ်သူတို့ ဟစ်ဘိုလာတက်ကြွလှုပ်ရှားသူတွေလို့ ဖော်ပြထားတဲ့သူတွေတောင်ပါပါတယ်။ ဟစ်ဘို လာတွေက အိုင်အက်စ်တွေ၊ ဟားမတ်စ်တွေ လုပ်သလိုမျိုး လက်ဘနွန်နိုင်ငံကို ဂါဇာဒေသကံကြမ္မာလို လုပ်ပစ် လိုက်ကြမှာ သူတို့ စိုးရိမ်ပူပန်နေကြောင်းပြောပါတယ်။ အစ္စရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ချင်ကြောင်းပြော ဆိုလာကြတယ်။” လို့ ဒုတိယဗိုလ်မှူးကြီး အက်ဗီခေးအက်ဒရီးက ၎င်းရဲ့ X လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်က ဒီကိစ္စတွေကို ဆုံးဖြတ်နိုင်တဲ့အခွင့်အာဏာရှိသူမဟုတ်တဲ့အတွက် တိုက်ရိုက်အဖြေမပေးနိုင်တာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်လမ်းညွှန်ပေးနိုင်တာကတော့ ဘလူးမတ်ခ်ရထားတဲ့ အစ္စရေးထောက် လှမ်းရေး မော့ဆက်အဖွဲ့ရဲ့ Facebook page ကို ဆက်သွယ်ဖို့ပါပဲ။ အဲဒီမှာ ခင်ဗျားတို့အတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေပေးနိုင်ပါလိမ့်မယ်။” လို့ အက်ဒီရီးက ပြောပါတယ်။
“ခင်ဗျားတို့ နိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့အခြေအနေကို လိုချင်တယ်ဆိုတာ ကျွန်တော်နားလည်သဘော ပေါက်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဘဝတစ်ခု ရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဟစ်ဘိုလာအဖွဲ့ဟာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အစ္စရေးနိုင်ငံထဲကို ဒုံးကျည်အစင်း ၃၀ ကျော်ပစ်ခတ်ခဲ့ရာ တချို့ဒုံးကျည်တွေက ဆီးရီးယားပိုင်နက်ထဲကို ကျရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
တနင်္ဂနွေနေ့ မနက်ပိုင်းက လက်ဘနွန်၊ အစ္စရေး၊ ဆီးရီးယား သုံးပွင့်ဆိုင်နယ်စပ်အနီး လက်ဘနွန်တောင်ပိုင်း ချီဘာနယ်မြေမှာ တင့်ကားဖျက်ဒုံးကျည်ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ ဟစ်ဘိုလာအကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကို အစ္စရေး ဂျက်တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ကပဲ လက်ဘနွန်နယ်စပ်တစ်နေရာ ဟာမွန်တောင်တန်းနယ်မြေမှာ ဟစ်ဘိုလာဒရုန်းတစ်စင်းကို ပစ်ချခံခဲ့ရသလို ကစ်ဘတ်ဇ်မယ်ခီယာနယ်မြေမှာလည်း ရော့ကက်တစ်စင်း ပစ်ချခံခဲ့ရပါတယ်။
မယ်ခီယာအနီးမှာ အစ္စရေးစစ်ကားတစ်စီးထိခိုက်ခဲ့ပေမဲ့ အစ္စရေးစစ်သည်တစ်ဦးမှ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
Ref: Israeli military spokesman urges Lebanese to contact Mossad
#PeopleMedia