• Follow Us on
Latest News

Home လက်ရှိအခြေအနေတွေ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူးဆိုရင် လာမယ့်နှစ်မှာ ထိုင်းပြည်ပပို့ကုန် ၂.၅% တိုးတက်လာမယ်လို့ ခန့်မှန်းထား

လက်ရှိအခြေအနေတွေ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူးဆိုရင် လာမယ့်နှစ်မှာ ထိုင်းပြည်ပပို့ကုန် ၂.၅% တိုးတက်လာမယ်လို့ ခန့်မှန်းထား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

 

အခုနှစ်အတွင်း ထိုင်းနိုင်ငံအနေနဲ့ ပြည်ပပို့ကုန်ကတစ်ဆင့် ဝင်ငွေ ဒေါ်လာ ၂၉၁ ဘီလျံ (ဘတ်ငွေ ၁၀.၄၈ ထရီလီယန်) ရှာဖွေနိုင်မယ်လို့ မျှော်လင့်ထားပြီး အဲဒီပမာဏဟာ အရင်နှစ်ထက် ၂.၅% တိုးတက်လာမှာဖြစ် ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် (The University of the Thai Chamber of Commerce – UTCC) က ပြောကြားလိုက်ပါတယ်။

 

ထိုင်းနိုင်ငံ ပြည်ပပို့ကုန် ၂% ကနေ ၃% အထိ တိုးတက်လာလိမ့်မယ်လို့ UTCC က မျှော်လင့်ထားကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် (UTCC) ရဲ့ စီးပွားရေးနဲ့ လုပ်ငန်းများကြိုတင်ခန့်မှန်းရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ပွန်းသာဝီချိုင်းဝီဂျစ်မာလာကွန်းက ပြောပါတယ်။

 

ကမ္ဘာ့စီးပွားရေးဟာ ၂.၃% ကနေ ၃.၁% အထိ တိုးတက်လာမှာဖြစ်သလို ရေနံစိမ်းဈေးနှုန်းဟာလည်း ၇၆ ဒေါ်လာနဲ့ ၈၂ ဒေါ်လာကြားရှိမှာဖြစ်ပြီး အမေရိကန်တစ်ဒေါ်လာကို ထိုင်းဘတ်ငွေ ၃၄/ ၃၅ ဘတ် ဝန်းကျင်ရှိ နိုင်တဲ့အပေါ် အခြေခံပြီး ထိုင်းနိုင်ငံဟာ ၂၉၁.၆၈ ဘီလျံ တန်ဖိုးရှိ ပြည်ပပို့ကုန်တွေ တင်ပို့နိုင်လိမ့်မယ်လို့ တွက် ချက်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အခုနှစ်အတွင်း ထိုင်းငွေကြေးဖောင်းပွမှုနှုန်းကို ဝ.၅ ကနေ ၁.၅၅ ကြားထဲမှာ ရှိနေတဲ့အခြေအနေကို အခြေခံ ပြီး ပြည်ပပို့ကုန်တိုးတက်မှုကို ခန့်မှန်းတွက်ချက်ထားတာလို့ ဆိုပါတယ်။

 

ထိုင်းပြည်ပပို့ကုန်အတွက် အထောက်အကူပြုတဲ့ အခြေခံအကြောင်းရင်း ငါးချက်ရှိတယ်လို့ ပွန်းသာဝီချိုင်းဝီဂျစ် မာလာကွန်းက ပြောပါတယ်။

 

ပထမအချက်က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က အခုနှစ်အတွက် ကမ္ဘာ GDP ခန့်မှန်းချက်ကို ၃.၁% မြင့်တင် ပြင်ဆင်ထားတာဖြစ်ပါတယ်။

 

ဒုတိယအချက်က နိုင်ငံအများအပြားမှာ ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျလာတဲ့အတွက် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုးဟာ ၃.၃% အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားတာအပြင် အမေရိကန်နဲ့ တရုတ်စီးပွားရေး ပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။

 

တတိယအချက်က ထိုင်းငွေကြေး အားနည်းလာမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

 

စတုတ္ထအချက်က ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျလာမယ်လို့ မျှော်လင့်ထားပြီး နိုင်ငံအများအပြားမှာ အတိုးနှုန်း လျော့ကျလာလိမ့်မယ်လို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

 

ပဉ္စမအချက်က နိုင်ငံလေးငါးနိုင်ငံဟာ ၎င်းတို့ရဲ့ ဗဟိုဘဏ်အတိုးနှုန်းကို လျှော့ချသွားမယ်လို့ မျှော်လင့်ထားပြီး အထူးသဖြင့် အမေရိကန်ဗဟိုဘဏ်ဟာ မေလအတွင်းမှာ ဗဟိုဘဏ်အတိုးနှုန်းကို လျှော့ချသွားမယ်လို့ မျှော် လင့်ထားပါတယ်။

 

တကယ်လို့ အခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ ထိုင်းဘတ်ငွေ မြင့်တက်လာမယ်ဆိုရင် ပြည်ပပို့ကုန်ကဏ္ဍကို ထိ ခိုက်နိုင်သလို ထိုင်းနိုင်ငံရဲ့ ယှဉ်ပြိုင်မှုစွမ်းရည်ကိုလည်း လျော့ကျစေမှာဖြစ်တယ်လို့ မစ္စတာပွန်းသာဝီက ပြောပါ တယ်။

 

ဒါ့အပြင် ပင်လယ်နီထဲမှာ အရပ်ဘက်ကုန်တင်သင်္ဘောတွေကို ဟူသီသူပုန်တွေက တိုက်ခိုက်နေတာဟာလည်း ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ထိခိုက်စေသလို ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ကဏ္ဍကိုလည်း ထိခိုက်စေနိုင် တယ်လို့ ၎င်းက ပြောပါတယ်။

 

တရုတ်စီးပွားရေးကလည်း အထူးသဖြင့် အိမ်ခြံမြေကဏ္ဍမှာ အရေးကြီးတဲ့ပြဿနာတွေကို ဖြေရှင်းပြီးသွားဖြစ် တာကြောင့် အပြည့်အဝ ပြန်လည်နာလန်ထူလာပြီဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်တွေအပေါ် အကျိုး သက်ရောက်မှု ရှိလာနိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

အခုနှစ်အတွင်း တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားတဲ့ ထိုင်းထုတ်ကုန်တွေကတော့ တစ်ပိုင်း လျှပ်ကူးပစ္စည်းတွေ၊ ထရန်စစ္စတာတွေ၊ ဆီလီကွန်ချိ(ပ်) လို အီလက်ထရောနစ်ပစ္စည်းတွေ၊ သဘာဝသစ်သီး တွေ၊ ရေခဲရိုက်သစ်သီးတွေ၊ ထရန်စဖော်မာတွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ၊ မော်တော်ကားတွေနဲ့ အပို ပစ္စည်းတွေ၊ စက်ပစ္စည်းတွေနဲ့ အီလက်ထရောနစ်ဘုတ် (Printed circuit boards- PCB) တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

 

Ref: 2.5% growth in Thai exports seen provided conditions remain unchanged

 

#PeopleMedia


Share this post