• Follow Us on
Latest News

Home လစ်သူယေးနီးယားက နေတိုးတပ်ဖွဲ့ဝင်တွေ Puma IFV တွေနဲ့အတူ ကျည်စစ်ကျည်မှန်တွေနဲ့ စစ်ရေးလေ့ကျင့်

လစ်သူယေးနီးယားက နေတိုးတပ်ဖွဲ့ဝင်တွေ Puma IFV တွေနဲ့အတူ ကျည်စစ်ကျည်မှန်တွေနဲ့ စစ်ရေးလေ့ကျင့်

Share this post

နိုင်ငံတကာ၊ မတ် ၁၄

 

လစ်သူယေးနီးယားနိုင်ငံမှာရှိနေတဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ နိုင်ငံစုံတပ်ပေါင်းစုဟာ ပထမဦးဆုံး အကြိမ်စစ်ရေးလေ့ကျင့် မှုအဖြစ် Puma ခြေလျင်တိုက်ခိုက်ရေးသံချပ်ကာယာဉ် (IFV) တွေကို အသုံးပြုပြီး ပြီးခဲ့တဲ့အပတ်က ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်လေ့ ကျင့်ခဲ့ပါတယ်။

 

နိုင်ငံရဲ့ အရှေ့ပိုင်းဒေသ General Silvestras Žukauskas လေ့ကျင့်ရေးနယ်မြေအတွင်း အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ နေတိုးတပ်ဖွဲ့ဝင်တွေဟာ Puma IFV တွေနဲ့အတူ Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကားတွေနဲ့ PzH 2000 ယာဉ်တင်အမြောက်စနစ်တွေကိုလည်း အသုံးပြုပစ်ခတ်ခဲ့ကြပါတယ်။

 

ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်လေ့ကျင့်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ တိုက်ပွဲပုံသဏ္ဍန်/အခြေအနေ အမျိုးမျိုးကို ဖန်တီး ရင်း ရပ်တည်ပစ်မှတ်တွေရော ရွေ့လျားပစ်မှတ်တွေကိုပါ ပစ်ခတ်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် တကယ့်စစ်မြေပြင်ပုံသဏ္ဍန်ဖန်တီးထားတဲ့ အခြေအနေတစ်ခုမှာ စစ်ရေးချီတက်လှုပ်ရှားမှုနဲ့ တိုက်ပွဲထောက်ပံ့ မှုတွေ ပေါင်းစပ်ညှိနှိုင်းမှုကိုလည်း စမ်းသပ်လေ့ကျင့်ခဲ့ပါတယ်။

 

နေတိုးတပ်ဖွဲ့ဝင်တွေဟာ တပ်အလိုက်ရွေ့လျားချီတက်မှု၊ တံတားထိုးယာဉ်အကူအညီနဲ့ အခက်အခဲများဖြတ်ကျော်မှု၊ ခံစစ်ဆင်တိုက်ခိုက်ခြင်းနဲ့ ရန်သူ့တပ်များနဲ့ ထိတွေ့တိုက်ပွဲဝင်ခြင်းတွေကိုလည်း လေ့ကျင့်ခဲ့ကြပါတယ်။

 

ဒါ့အပြင် လစ်သူယေးနီးယားတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတွင်းရှိ နေတိုးတပ်ဖွဲ့ဝင်တွေကြားမှာ အကောင်းဆုံး အတွေ့အကြုံတွေ အပြန်အလှန် ဖလှယ်ခြင်းနဲ့ ပေါင်းစပ်ညှိနှိုင်းမှုမြှင့်တင်ခြင်းကိုလည်း အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် မဟာမိတ်နိုင်ငံတွေဟာ ဥရောပအရှေ့ဖျားစစ် တောင်ပံကို တိုက်ခိုက်ရေးအင်အားတွေ ဖြည့်တင်းခဲ့ပါတယ်။

 

ဒေသတွင်း ကာကွယ်ရေးအင်အားမြှင့်တင်ဖို့အတွက် နေတိုးအဖွဲ့ဝင်လေးနိုင်ငံက တပ်ဖွဲ့ဝင်တွေကို အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ ပိုလန်နိုင်ငံတို့ကို စေလွှတ်ပြီး တပ်ဖြန့်ချထားခဲ့ပါတယ်။

 

အခုလို တိုက်ခိုက်ရေးအင်အားတွေ တပ်ဖြန့်ချထားတာဟာ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်လာခဲ့ရင် မဟာမိတ်အဖွဲ့ကြီးတစ်ခုလုံးကို တိုက်ခိုက်လာတယ်လို့ မှတ်ယူသွားမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း အကြောင်းကြား ထားတာလည်းဖြစ်ပါတယ်။

 

လစ်သူယေးနီးယားနိုင်ငံမှာ နေတိုးတပ်ဖွဲ့ဝင်အင်အား ၁၆၀၀ ဝန်းကျင်ရှိပြီး အဆိုပါတပ်ဖွဲ့ဝင်တွေထဲမှာ ဂျာမန်တပ်ဖွဲ့ဝင် တွေက အများဆုံးဖြစ်သလို အဲဒီအဖွဲ့ကိုလည်း ဂျာမနီနိုင်ငံက ဦးဆောင်နေတာဖြစ်ပါတယ်။

 

ဘယ်လ်ဂျီယမ်၊ ချက်သမ္မတနိုင်ငံ၊ ခရိုအေးရှား၊ နော်ဝေနဲ့ လူဇင်ဘတ်တို့က တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပြီး အဲဒီတပ်ဖွဲ့ဝင် တွေကိုလည်း အလှည့်ကျ လဲလှယ်ပေးနေတာဖြစ်ပါတယ်။

 

Ref: NATO Troops in Lithuania Conduct First Live-Fire Exercise with Puma IVFs

 

#PeopleMedia


Share this post