• Follow Us on

Home လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်းအတူတကွတည်ဆောက်ရန် ဆက်လက်အားပေး သွားမည်ဖြစ်ကြောင်း တရုတ်ပြောဆို

လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်းအတူတကွတည်ဆောက်ရန် ဆက်လက်အားပေး သွားမည်ဖြစ်ကြောင်း တရုတ်ပြောဆို

Share this post

နေပြည်တော်၊ ဩဂုတ် ၂၉

 

မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှဦးစီးကျင်းပသည့် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ်များ အကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စတင်ခြင်းအခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့‌ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

 

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာ ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး နေပြည်တော်ဆက်သွယ်ရေးရုံးမှ ဌာနမှူး Mr. Zhang Zhonghua တို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

 

တရုတ်ဘက်က တရုတ်-မြန်မာနှစ်နိုင်ငံသည် ပထဝီတည်နေရာချင်းနီးစပ်ပြီး ယဉ်ကျေးမှုချင်းတူညီကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ် သမိုင်းကြောင်း ကြာရှည်လှကြောင်း၊ နှစ်နိုင်ငံသည် အဆင့်မြင့် ပညာရေး၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ရာတွင် ကောင်းမွန်သည့် အခြေအနေနှင့် ကျယ်ပြန့်သည့်နေရာရှိကြောင်း၊ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်တို့သည် စီမံကိန်းမှတစ်ဆင့် အပြန်အလှန်နားလည်သိရှိမှု တိုးများလာစေပြီး အသေးစိတ်ကဏ္ဍ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်း ဆောင်ရွက် ရေးအတွက် အကျိုးထမ်းဆောင်ပေးသည့်အပြင် တရုတ်-မြန်မာအဆင့်မြင့်ပညာရေးကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာဖြစ်လာရန် မျှော်လင့်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သည် မြန်မာနိုင်ငံက လန်ချန်း-မဲခေါင်မိတ်ဖက်များနှင့်အတူ ပညာရေး၊ သိပ္ပံနည်းပညာ ကူးလူးဖလှယ်ပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်၍ ပိုမိုရင်းနှီးသော လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရန် ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာဘက်က မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကျောင်းများက လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံမှ အဆင့်မြင့်ပညာရေးကျောင်းများနှင့် ကူးလူးဖလှယ်ရန် အားပေး ကြောင်း၊ ယခုအကြိမ် ဤစီမံကိန်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုမူဘောင်တည်ဆောက်ကာ လေ့ကျင့်ရေး၊ ဆွေးနွေးပွဲ၊ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး စသည့်နည်းလမ်းများဖြင့် သိပ္ပံနည်းပညာဝန်ထမ်းများ စွမ်းရည် မြှင့်တင်၍ အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ပြီး ဆရာဆရာမနှင့် ကျောင်းသားကျောင်း သူများ သံယောဇဉ်ကိုတိုးမြှင့်ရန် မျှော်လင့်ပါကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေကို တရုတ်နိုင်ငံအစိုးရမှ အရင်းအနှီးစိုက်ထုတ် ထူထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံက စီမံကိန်းပေါင်း ၁၀၆ ခုအတွက် ပံ့ပိုးမှုရရှိပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အရင်းအနှီးနှင့် နည်းပညာပံ့ပိုးကူညီပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post