လယ်ဝေးမြို့နယ်၊ နေပြည်တော်နဲ့ ပဲခူးတိုင်းအစပ်ရှိ စံတောသာကျေးရွာ အခြေခံမူလတန်း ကျောင်း(ခွဲ)၌ ကျောင်းသား/သူ ၂၇ ယောက်၌ ဆရာတစ်ယောက်သာရှိ
PUBLISHED - September 5, 2024
နေပြည်တော်၊ စက်တင်ဘာ ၅
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ပဲခူးတိုင်းအစပ်ရှိ ကုန်းသာ ကျေးရွာအုပ်စုအပိုင် စံတောသာကျေးရွာ အခြေခံမူလတန်း ကျောင်း(ခွဲ)၌ ကျောင်းသား/သူ ၂၇ ယောက်၌ ဆရာတစ်ယောက်သာရှိကြောင်း ကျေးရွာနေပြည်သူများက ပြောဆိုသည်။
အဆိုပါ အခြေခံမူလတန်း ကျောင်း(ခွဲ)၌ KG ၇ ယောက်၊ G-1 ၄ ယောက်၊ G-2 ၄၊ G-3 ၃ ယောက်၊ G-4 ၈ ယောက်၊ G-5 ၁ ယောက် စုစုပေါင်း ၂၇ ယောက် ပညာသင်ကြားလျက်ရှိသည်။
“ကျောင်းနဲ့ ၂ မိုင်ခန့် အကွာမှာက ကျီးအောင်းရွာရှိတဲ့။ ရွာရဲ့ ဆက်သွယ်ရေးလမ်းပိုင်းက တရားမဝင် သစ်ကားတွေကြောင့် လမ်းပိုင်းက ဆိုးဆိုးရွားရွား ပျက်စီးနေတာ။ နယ်မြေက တည်ငြိမ်ပါတယ်။ ပညာရေး ဝန်ကြီးဌာနကို တင်ပြချင်တာ ကျောင်းသားတွေရဲ့ မျက်နှာလေးတွေကို ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ ကျေးရွာက လိုအပ်ချက်ရှိပါတယ်။ ဒါပေမဲ့ ကလေးတွေ ပညာရေးအတွက် အဖြေရှာပေးပါ” လို့ ဒေသခံအချို့က ပြောဆိုသည်။
မူလက အဆိုပါ ကျောင်း၌ တာဝန်ကျ ဆရာမတစ်ဦးအပါ စုစုပေါင်း ၂ ဦး ရှိသော်လည်း ဆရာမသည် ကျောင်းဖွင့်ရာသီအစပိုင်းအချိန်၌ လာရောက်ပြီး နောက်ပိုင်းမှ ယနေ့ထိ လာရောက်မှုမရှိကြောင်း ကျေးရွာနေ ပြည်သူများက ပြောဆိုသည်။
#PeopleMedia #ပညာရေး #လယ်ဝေးမြို့