လယ်ဝေး၊ ရမည်းသင်းနှင့် မင်္ဂလာဒုံတို့တွင် ကျပ် ၁၇၈၆.၈ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
PUBLISHED - August 14, 2023
နေပြည်တော်၊ သြဂုတ် ၁၄
လယ်ဝေးမြို့နယ်၊ ရမည်းသင်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၁၇၈၆.၈ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဩဂုတ်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဂျွန်ပီတာ(ခ)ဂျိုးစက် မောင်းနှင်ပြီး အောင်သိမ်းနှင့် စိုးဝင်းဌေး တို့လိုက်ပါလာသော NISSAN ATLAS အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ဆာလဖျူရစ်အက်စစ် ၂၆၆၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၆.၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၃၃၀ အချိန် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ အောင်ဇေယျလမ်းမပေါ်၌ အက်စစ်များ တင်ဆောင်ပေးသူ သန့်ဇင်ဦး (ခ)သန့်ဇင်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ခေမာလမ်းဆုံအနီးတွင် ထက်အောင်ပိုင် (ခ)ကိုပိုင် တို့အား လက်ကိုင်ဖုန်း ၂ လုံးနှင့် လည်းကောင်း၊ ၁၅၃၀ အချိန် ကျော်သူဟိန်း၊ ရဲအောင်(ခ)ကိုရဲ၊ ခင်မောင်ဦး၊ ဇာနည်လင်း နှင့် ဌေးဝင်းစိုး(ခ)ကုလား တို့အား ရမည်းသင်းမြို့အထွက်၊ ရန်ကုန်-မန္တလေးလမ်း ဟောင်း၊ မိုင်တိုင်အမှတ်(၂၇၄/၆)အနီးတွင် Caldina မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၅ လုံး၊ ၂၂ ဘီး တွဲယာဉ် ၁ စီး တို့နှင့်အတူ ၂၂ ဘီး တွဲယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ် အက်စစ် ၁၈၂၀၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၆၃၈ သိန်း) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ညနေ ၅နာရီ၃၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ နွယ်ခွေကျေးရွာ၊ အမှတ်(၃) ဆက်သွယ်လမ်းရှိ ထက်အောင်ပိုင်(ခ)ကိုပိုင် ၏ ဂိုဒေါင်အတွင်းမှ ဆာလဖျူရစ်အက်စစ် ၁၀၂၀၀ လီတာ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၂.၂ သိန်း)အား လည်းကောင်း၊ ဩဂုတ်လ ၁၀ ရက်နေ့ ၁၄၁၅ အချိန် နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန်သွားကားလမ်း၊ (၈)မိုင်နတ်စင်အနီးတွင် အက်စစ်များသယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူ ကျော်စွာမြင့်(ခ)ကျော်စွာ အား လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ သဖြင့် ဂျွန်ပီတာ (ခ)ဂျိုးစက်(၄၀)နှစ်၊ အောင်သိမ်း(၄၁)နှစ်၊ စိုးဝင်းဌေး(၄၀)နှစ်၊ ကျော်သူဟိန်း(၂၇)နှစ်၊ ရဲအောင်(ခ)ကိုရဲ(၃၆)နှစ်၊ ခင်မောင်ဦး(၃၄)နှစ်၊ ဇာနည်လင်း(၂၇)နှစ်၊ ဌေးဝင်းစိုး(ခ)ကုလား(၂၅)နှစ်၊ ကျော်စွာ မြင့်(ခ)ကျော်စွာ(၄၉)နှစ်၊ ထက်အောင်ပိုင်(ခ)ကိုပိုင်(၃၀)နှစ် နှင့် သန့်ဇင်ဦး(ခ) သန့်ဇင်(၄၀)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia