လဟယ်မြို့နယ်တွင် ကျောင်းတက်ခွင့်မရသည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ နီးပါးကျန်ရှိနေ
PUBLISHED - June 15, 2024
မြစ်ကြီးနား၊ ဇွန် ၁၅
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ၊ လဟယ်မြို့နယ်တွင် ကျောင်းတက်ခွင့်မရသည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ နီးပါး ကျန်ရှိနေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
လဟယ်မြို့နယ်ရှိ ကျေးရွာများတွင် ဆရာ၊ ဆရာမများ လုံလောက်မှုမရှိသည့်အတွက် ကျောင်းပေါင်း(၃၀)ကျော် ဖွင့်လှစ်နိုင်ခြင်းမရှိပဲ မြို့နယ်အသီးသီးရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ (၅၀၀)နီးပါး ကျောင်းတက် ရောက်နိုင်ခြင်း မရှိကြောင်း ပညာရေးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ဒီနှစ်က ကျောင်းမဖွင့်နိုင်တဲ့ နေရာတွေများတော့ ကျောင်းမတက်ရတဲ့ကလေးတွေ အရမ်းများတယ်။ လဟယ် မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း တစ်ရာကျော်ရှိတဲ့အထဲ ကျောင်းဖွင့်လှစ်နိုင်တာက အနည်းစုပဲရှိတယ်” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ကလေးသူငယ်များ ပညာရေးနောက်ကျခြင်းများ ဖြစ် စေသည့်သည့်အပြင် ကျောင်းပြင်ပလောကတွင် ကျင်လည်မှုများ ရှိလာသည့်အတွက် အကျင့်စရိုက်များ ဆိုးရွားလာမည်ကို စိုးရိမ်နေရကြောင်း ဝုထကျေးရွာရှိ ပြည်သူတစ်ဦးမှ ပြောသည်။
” ကလေးတွေက ကျောင်းမတက်ရဝောာ့ လေလွင့်တာများနေကြတယ်။ ပညာသင်နှစ်တစ်နှစ် နောက်ကျရင် နောက်ဆို ကျောင်းတက်ခွင့်ရလည်း စာကိုစိတ်ဝင်စားဝောာ့မှာ မဟုတ်ဘူး။ အခုလည်း သူတို့ ကျောင်းမတက် ရတော့ အပြင်လောကမှာ ဖြစ်သလို ကျင်လည်နေကြတယ်။ သူတို့လေးတွေရဲ့ အနာဂါတ်ကိုပဲ စိုးရိမ်တယ်” ဟု ၎င်းကဆိုသည်။
လဟယ်မြို့နယ်များရှိ ကျေးရွာများတွင် ကျောင်းမဖွင့်လှစ်နိုင်ခြင်း အကြောင်းအရင်းမှာ KIA၊ PDF၊ NPDF များမှ ခြိမ်းခြောက်မှုများ ရှိနေခြင်းကြောင့် လဟယ်မြို့နယ်များသို့ တာဝန်ကျ ဆရာ၊ ဆရာမများ လာရောက်သင်ကြား နိုင်ခြင်း မရှိသည့်အပြင် ကျေးရွာဒေသခံ ဆရာ၊ ဆရာမ တစ်ရာကျော်မှာလည်း နှုတ်ထွက်ခဲ့ကြခြင်းကြောင့် ကျောင်းပေါင်း(၃၀)ကျော် မဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အလင်း
#PeopleMedia