• Follow Us on
Latest News

Home လာမယ့်နှစ်မှာ ပိုလန်နိုင်ငံက ကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့ ၄ ရာခိုင်နှုန်းကျော်သုံးစွဲမည်

လာမယ့်နှစ်မှာ ပိုလန်နိုင်ငံက ကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့ ၄ ရာခိုင်နှုန်းကျော်သုံးစွဲမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆

 

အိမ်နီးချင်းယူကရိန်းနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတဲ့အချိန်မှာ ပိုလန် နိုင်ငံအနေနဲ့ လာမယ့်နှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ရဲ့ လေး ရာခိုင်နှုန်းအသုံးပြုသွားမှာဖြစ်ကြောင်း ပိုလန်သမ္မတအန်းဒရီးဒူဒါက အင်္ဂါနေ့ (စက်တင်ဘာလ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ပိုလန်နိုင်ငံအနေနဲ့ ပိုလန်ငွေ ၁၃၇ ဘီလျံ (ဒေါ်လာ ၃၃ ဘီလျံ) တန်ကြေးရှိ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူ သွားမှာဖြစ်ပြီး အဲဒီပမာဏဟာ ဒေသတွင်းမှာ စစ်လက်နက်ပစ္စည်းဝယ်ယူမှု အကြီးမားဆုံးပမာဏဖြစ်ကြောင်း ပိုလန်နိုင်ငံ ကီယာဆေမြို့မှာကျင်းပနေတဲ့ စစ်လက်နက်ပစ္စည်းပြပွဲမှာ ၎င်းက ကြေညာခဲ့ပါတယ်။

 

“ကျွန်တော်တို့နိုင်ငံရဲ့ အရှေ့ဘက်နယ်စပ်မှာ ထွက်ပေါ်လာတဲ့အန္တရာယ်ကို ကျွန်တော်တို့မြင်လိုက်ရတဲ့အချိန် မှာ သမိုင်းနဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ကို ကောင်းကောင်းသင်ကြားပြသလိုက်ပြီဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ပိုလန်နိုင်ငံ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်ဖို့၊ အမှီအခိုကင်းကင်းနဲ့ ရပ်တည် နိုင်ဖို့၊ ပိုလန်နိုင်ငံ ဘေးကင်းလုံခြုံစွာရပ်တည်နိုင်ဖို့ ဘယ်လိုအဖိုးအခ ပေးရတာပဲဖြစ်ဖြစ် ထိုက်တန်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။” လို့ ဒူဒါက ပြောပါတယ်။

 

“လာမယ့်နှစ်မှာ ပိုလန်ငွေ ၁၃၇ ဘီလျံတန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ ကျွန်တော်တို့စီစဉ်နေပါ တယ်။ အဲဒီပမာဏဟာ ကျွန်တော်တို့နိုင်ငံ GDP ရဲ့ လေးရာခိုင်နှုန်းထက် ပိုပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

အဲဒီပမာဏဟာ အခုနှစ်မှာသုံးစွဲမယ်လို့ ပိုလန်နိုင်ငံက ကတိပြုထားတဲ့ ကာကွယ်ရေးဘတ်ဂျက်ပမာဏ ၄ ရာခိုင်နှုန်းထက် ပိုမိုများပြားနေပြီး နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ သဘောတူထားတဲ့ ၂ ရာခိုင်နှုန်းထက် အများကြီး ပိုများနေပါတယ်။

 

ပြီးခဲ့တဲ့နှစ် ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့တဲ့အချိန်ကစပြီး ပိုလန်နိုင်ငံဟာ ယူကရိန်းနိုင်ငံအ ပေါ် ခိုင်မြဲစွာသစ္စာရှိတဲ့နိုင်ငံအဖြစ် ထုတ်ဖော်ပြသခဲ့ပါတယ်။

 

မကြာသေးခင်ကပဲ ပိုလန်နိုင်ငံရဲ့အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံမှာရောက်ရှိနေတဲ့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး ရန်လိုခြိမ်းခြောက်မှုတွေဖြစ်ပေါ်လာနိုင်ကြောင်း ပိုလန်နိုင်ငံက သတိပေးခဲ့ပါသေးတယ်။

 

ပိုလန်အစိုးရဟာ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီယားနိုင်ငံတို့နဲ့လည်း စစ်လက်နက်ပစ္စည်းဝယ်ယူရေးစာ ချုပ်တွေချုပ်ဆိုခဲ့ရာမှာ မကြာသေးခင်ကပဲ တောင်ကိုရီးယားနိုင်ငံက K2 “Black Panther” ပင်မတိုက်ပွဲဝင်တင့် ကားတွေနဲ့ K9 ဟောက်ဝစ်ဇာယာဉ်တင်အမြောက်တွေ မှာယူခဲ့ပါတယ်။

 

ယူကရိန်းစစ်ပွဲကိုအကြောင်းပြုပြီး ပိုလန်နိုင်ငံက ၎င်းတို့စစ်အင်အားကို မြှင့်တင်လျက်ရှိရာမှာ ပိုလန်နိုင်ငံအ တွက် ဒေါ်လာ ၁၂ ဘီလျံတန်ကြေးရှိ အပါချီရဟတ်ယာဉ်တွေ ရောင်းချပေးဖို့ ပြီးခဲ့တဲ့လကပဲ အမေရိကန်အစိုးရ က ခွင့်ပြုခဲ့ပါတယ်။ ဇွန်လအတွင်းကလည်း ပိုလန်နိုင်ငံဟာ အမေရိကန်ထုတ် အေဘရာဟမ်တင့်ကား ပထမအသုတ်ကို လက်ခံရရှိ ခဲ့ပါတယ်။

 

ပိုလန်ဟာ အေဘရာဟမ်တင့်ကား စုစုပေါင်း ၃၆၆ စီး မှာယူထားပါတယ်။ ပိုလန်နိုင်ငံဟာ ယူရိုငွေ ၁.၉ ဘီလျံ (ဒေါ်လာ ၂.၄ ဘီလျံ) တန်ကြေးရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဝယ်ယူဖို့ ဥရောပစစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ MBDA နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

 

အဲဒီစာချုပ်အရ MBDA ကုမ္ပဏီက ပိုလန်နိုင်ငံကို လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ ဒုံးပစ်လောင်ချာ တွေ တင်ပို့ပေးသွားမှာဖြစ်ပါတယ်။

 

Ref: Poland to Spend Over 4 Percent of GDP on Defense in 2024

 

#PeopleMedia


Share this post