လားရှိုးမြို့ကို နေ့စဉ်အဝေးကရှော့တိုက်ဒုံး၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၈) ဦး သေဆုံးပြီး (၂၄) ဦး ဒဏ်ရာရရှိ

PUBLISHED - July 10, 2024
နေပြည်တော်၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီး MNDAA ပူးပေါင်းအဖွဲ့မှ နေ့စဉ် အဝေးက ရှော့တိုက်ဒုံး၊ Drone များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၁၈)ဦး သေဆုံးပြီး (၂၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့ကစ တိုက်ခိုက်လာပြီး နေ့စဉ်အဝေးကနေ ရှော့တိုက်ဒုံး၊ Drone တွေနဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၁၈)ဦး သေဆုံးပြီး (၂၄)ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတိုင်းမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝပျက်သုဉ်းခဲ့ရပါတယ်။ လားရှိုး မြို့မှာ ထင်ရှားတဲ့ လားရှိုးလေဆိပ်အနီးက တရုတ်ဖရွန်ဘုံကျောင်းကို မနေ့မနက် ၇ နာရီမှာ Drone နဲ့ Drop Bomb ချ တိုက်ခိုက်ခဲ့ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက လားရှိုးမြို့တွင် နေထိုင်ကြသည့် တရုတ်လူမျိုးများအပါအဝင် ဒေသခံပြည်သူလူထုမှ MNDAA နှင့် အပေါင်းပါအဖွဲ့များကို အလိုမရှိကြောင်းကို ဆန့်ကျင်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနှင့် မြို့ခံလူထု၊ ပြည်သူလူထု၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
MNDAA နဲ့ TNLA တို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြို့ရွာများ၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံစေ ရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်အစိုးရအနေနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံပန်ကြားအပ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် MNDAA၊ TNLA ၊ AA အဖွဲ့တို့ ပူးပေါင်းပြီး အထူးဒေသ(၂) “ဝ”ဒေသကတစ်ဆင့် နမ့်တစ်ချောင်းကိုဖြတ်ကူးပြီး တရုတ်၊ မြန်မာနယ်စပ်မြို့ ချင်းရွှေဟော်မြို့ကို စတင်တိုက် ခိုက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ရက်နေ့တွင် MNDAA ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ဝန်းကျင်ကို စတင် တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးများ ၊ Droneများနှင့် Drop Bomb ချတိုက်ခိုက်မှုများကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
#PeopleMedia