လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ ၉ ဦးထိရှိလာ
PUBLISHED - July 4, 2024
နေပြည်တော်၊ ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၉ ဦးထိရှိလာကြောင်း သိရသည်။
ယမန်နေ့နံနက် ၆ နာရီ ၄၅ အချိန်ခန့်တွင် လားရှိုးမြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာမှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုံးသီးများသည် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၃)၊ သာယာလမ်းပေါ်ရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက်(၁၂)နှစ်နှင့် (၁၄)နှစ် အရွယ် ကလေး ၃ ဦးနှင့် ဒေသခံပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။
ယမန်နေ့ ညနေ ၄ နာရီကျော် အချိန်ခန့်တွင် ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် ယင်းရှော့တိုက်ဒုံး ၁ လုံးသည် နယ်မြေ (၁)ရှိ ပန်အုပ်ဘုရားကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နောက်ထပ် ရှော့တိုက်ဒုံးသည် ရပ်ကွက် (၄)၊ နယ်မြေ (၃) ရှိ ဦးညွန့်အောင်၏ နေအိမ် ကုန်စုံဂိုထောင်ကို ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရပ်ကွက် ၉ ကို ကျတာ သားအမိနှစ်ယောက်ထိတယ်။ တစ်ယောက်ကတစ်ပိုင်းပြတ်တယ် နှစ်ယောက်စလုံး နေရာမှာတင် ပွဲချင်းပြီးသေတာ” ဟု လားရှိုးမြို့ ရပ်ကွက် ၉ နေ ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့၊ ရပ်ကွက် ၉၊ နယ်မြေ ၁၊ ခေနင်းရွာတွင် အကြမ်းဖက်သောင်းကျန်းသူများ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုကြောင့် သားအမိ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
#PeopleMedia