လိင်တူချစ်သူတွေကို အစိုးရကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်ပေးလို့ တောင်ကိုရီးယား ခရစ်ယာန်အများ အပြား လမ်းပေါ်ထွက်ဆန္ဒပြ
PUBLISHED - October 29, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၉
တောင်ကိုရီးယားနိုင်ငံမှာ လိင်တူချစ်သူတွေကို အစိုးရကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်အတူတူပေးအပ် ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်တာကို တောင်ကိုရီးယားနိုင်ငံ ခရစ်ယာန်အုပ်စုထောင်ပေါင်းများစွာက တနင်္ဂနွေ နေ့ (အောက်တိုဘာ ၂၇ ရက်နေ့) က ဆိုးလ်မြို့မှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရကပေးတဲ့ National Health Insurance Service ခံစားခွင့်ကို လိင်တူချစ်သူတွေပါ ခံစားခွင့်ရှိကြောင်း ဇူလိုင်လအတွင်းက တောင်ကိုရီးယား တရားရုံးချုပ်က ကြေညာခဲ့တဲ့အတွက် အဲဒီကြေညာချက်ဟာ နိုင်ငံတွင်း LGBTQ တွေရဲ့ အောင်ပွဲတစ်ရပ်အဖြစ် မှတ်ယူခဲ့ကြပါတယ်။
နိုင်ငံတစ်ဝန်းက ခရစ်ယာန်ဘာသာဝင် ထောင်ပေါင်းများစွာ ဆိုးလ်မြို့လယ်ခေါင်မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ကြောင့် မြို့တွင်းက အဓိကလမ်းမကြီးလေးငါးခု ယာဉ်ကြောပိတ်ဆို့ခဲ့ပါတယ်။
ဆန္ဒပြသူပေါင်း ၂၃၀၀၀၀ ဝန်းကျင်လောက်ရှိကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ယုန်ဟတ်သတင်းဌာနက ကြေ ညာခဲ့ပေမဲ့ ပွဲစီစဉ်သူတွေကတော့ ဆန္ဒပြသူပေါင်း ၁.၁ သန်းဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။
လိင်တူချစ်သူတွေကို ဥပဒေအရ တရားဝင်လက်ထပ်ထိမ်းမြားခွင့်ပြုမထားတဲ့အတွက် အခုလို လိင်တူချစ်သူ တွေကို ကျန်းမာရေးစောင့်ရှောက်မှုအကျိုးခံစားခွင့်ပေးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ဆန္ဒပြပွဲ ဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် ကင်ဂျောင်ဟီးက ပြောပါတယ်။
“အခုလို ကျန်းမာရေးခံစားခွင့် ခွင့်ပြုမိန့်ချမှတ်ပေးလိုက်တာဟာ လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ထိမ်း မြားဖို့အတွက် အစပျိုးလမ်းဖွင့်ပေးလိုက်တာလို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ ဒါဟာ ခရစ်ယာန်တွေအတွက် ပဲ ပြဿာနာတစ်ခုဖြစ်နေတာမဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်မယ့် ပြဿနာကြီး တစ်ရပ်လို့ မြင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
လိင်ကွဲပြားမှုကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲခြားဆက်ဆံတဲ့အနေနဲ့ အဲဒီလို လိင်တူချစ်သူတွေကို အကျိုးခံစားခွင့်မရှိရဘူးလို့ ငြင်းပယ်ထားတဲ့ ပုဒ်မမျိုး အမျိုးသားကျန်းမာရေးအာမခံစနစ်ထဲမှာ တစ်ခုမှပါဝင်ခြင်း မရှိကြောင်း တရားရုံးချုပ်က ပြောပါတယ်။
ဆန္ဒပြသူတချို့ဟာ “ခွဲခြားဆန့်ကျင်မှုဆန့်ကျင်ရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြ” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ “ကျွနု်ပ်တို့ကလေးတွေကို လိင်ညစ်ညမ်းမှု၊ လိင်ရှုပ်ထွေးမှုနဲ့ လိင်ခွဲခြားဖျက်ဆီးမှုတွေက ကာကွယ်ကြ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အခုလို ဆန္ဒပြမှုတွေဟာ လူသားအားလုံးပါဝင်မှု၊ မတူကွဲပြားမှုနဲ့ လူ့အခွင့်အရေးလေးစားမှုတွေကို ငြင်းပယ် ခြင်းဖြစ်သလို အများဆန္ဒဆိုတဲ့ခေါင်းစဉ်အောက်မှာ လူနည်းစုရဲ့အခွင့်အရေးကို ချိုးဖောက်ဖို့ ကြိုးစားမှုတစ်ရပ် ဖြစ်ကြောင်း LGBTQ တက်ကြွလှုပ်ရှားသူများ၊ ကက်သလစ်ခရစ်ယာန်အဖွဲ့နဲ့ အင်္ဂလီကန်ခရစ်ယာန်အဖွဲ့တို့ ပူး ပေါင်းဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Ref: South Korean Christian groups in massive protest against rights for same-sex couples
#PeopleMedia