လိုင်ဇာ၊ မုန်လိုက်ခက်တွင် ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုကို အာဆီယံထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်မှု အဖြစ် မှားယွင်းဖော်ပြ

PUBLISHED - October 20, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၀
ကချင်ပြည်နယ်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဆီယံ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းကို မှတ်သားမိသည်။ အဆိုပါထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ခက် တွင် လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်ကို ဘက်လိုက် ရေးသားထားသည့် ပြည်တွင်းပြည်ပ မီဒီယာများကို ကိုးကား၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်းစွာ ဖော်ပြထားကြောင်း တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အချက်အလက်မှန်များကို အာဆီယံအဖွဲ့ ဝင်နိုင်ငံများသို့ အောက်တိုဘာ ၁၁ရက်နေ့ကပင် အကြောင်းကြားခဲ့သည်။ သို့ရာတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ထုတ်ပြန်ချက်မူကြမ်းကို ပေးပို့ခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများထံ သဘောထားတောင်းခံခဲ့သည်။ ဖြစ်စဉ်သည် KIA သင်တန်းကျောင်းအနီး ခဲယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံက ထောက်ပြပြီး ကြေညာချက် မထုတ်ပြန်ရန် အကြောင်းကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အချက်အလက်မှန်များကို ပေးပို့ခဲ့သော်လည်း ကြေညာချက်ကို မလိုအပ်ဘဲ ထုတ်ပြန်ခဲ့ကြောင်း၊ အာဆီယံထုတ်ပြန်ချက်ပါ အချက်အလက်များသည် ထင်ယောင် ထင်မှားဖြစ်စေသဖြင့် အခြေအမြစ်မရှိသည့်အတွက် အဆိုပါထုတ်ပြန်ချက်ကို မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် ထပ်လောင်းအသိပေးအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။
#PeopleMedia