လိုအပ်ရင် ဗြိတိန်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ ယူကရိန်းကို စေလွှတ်ပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ပြော

PUBLISHED - February 17, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇
ဗြိတိန်နဲ့ ဥရောပ လုံခြုံရေးအတွက် လိုအပ်လာရင် ယူကရိန်းနိုင်ငံကို ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ စေ လွှတ်သွားဖို့ အသင့်ရှိနေကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆာခီယာစတာမာက ပြောကြားလိုက်ပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်တဲ့စစ်ပွဲမှာ ယူကရိန်းကို ထောက်ပံ့ရာမှာ ထိပ်ဆုံးကပါဝင်နေတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ လိုအပ်လာရင် မိမိတို့ကိုယ်ပိုင်တပ်ဖွဲ့ဝင်တွေကို ယူကရိန်းကို စေလွှတ်သွားဖို့ အသင့်ရှိနေကြောင်း ဗြိတိန်နိုင်ငံ Daily Telegraph သတင်းစာမှာ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁၆ ရက်နေ့) က ရေးသားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဒီစကားကို ခပ်ပေါ့ပေါ့ လွယ်လွယ်လေး ပြောတာ မဟုတ်ပါဘူး။ ဗြိတိန်တပ်မတော်သားတွေ ဘေးဒုက္ခ ရောက်လာနိုင်တဲ့ အလားအလာတွေကို လေးလေးနက်နက် တွေးတောပြီး ပြောနေတာပါ။” လို့ ဝန်ကြီးချုပ်က ပြောပါ တယ်။
“ဒါပေမဲ့ ယူကရိန်းလုံခြုံရေးကို ကူညီထောက်ပံ့ရာမှာ ဘယ်လိုအခန်းကပဲ ပါဝင်သည်ဖြစ်စေ ကျွန်တော်တို့ တိုက်ကြီးရဲ့ လုံခြုံရေးနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ လုံခြုံရေးအတွက် အာမခံနိုင်အောင် ကူညီနေတာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။
အခုလို ဗြိတိန်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ ပို့ပေးဖို့ စဉ်းစားနေတယ်လို့ မစ္စတာစတာမာက ပွင့်ပွင့်လင်းလင်း ပြောဆိုလာတာဟာ ပထမဦးဆုံးအကြိမ်ပြောဆိုခြင်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဗြိတိန်ဝန်ကြီးချုပ်ဟာ “စေ့စပ်ညှိနှိုင်းမယ့် ဘယ်လိုငြိမ်းချမ်းရေးသဘောတူညီချက်မျိုးမဆို ရရှိ အောင် ကြိုးပမ်းရာမှာ ကဏ္ဍတစ်ရပ်အနေနဲ့ လိုလိုလားလား ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြေဆိုခဲ့ဖူးပါတယ်။
ကရိန်းစစ်ပွဲရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းနေမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာကို ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့အတွက် တနင်္လာနေ့မှာ ပဲရစ်မြို့မှာကျင်းပမယ့် ထိပ်တန်းအစည်းအဝေးတစ်ခုကိုလည်း တက်ရောက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်စတာမာက ပြောပါတယ်။
ဗြိတိန်နိုင်ငံဟာဥရောပတိုက်အတွက် အဓိကအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လာမယ့််ရက်ပိုင်းအတွင်းမှာလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ ဆုံသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“သမ္မတပူတင် နောက်ထပ်တစ်ကြိမ် ထပ်မံမတိုက်ခိုက်နိုင်အောင် အမေရိကန်တစ်နိုင်ငံတည်းကသာ တားဆီးနိုင်တဲ့ အတွက် အမေရိကန်ရဲ့ထောက်ပံ့မှုဟာ အလွန်အရေးပါတဲ့နေရာမှာ ရှိနေဆဲဖြစ်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး အတွက် အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက်ကလည်း အလွန် အရေးကြီးပါတယ်။” လို့ ဝန်ကြီးချုပ်စတာမာက ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မတိုင်ခင် ကျင်းပမယ့် အစည်းအဝေးကို ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်၊ ဒိန်းမတ်နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်မယ်လို့ ခန့်မှန်း ထားပါတယ်။
Ref: Keir Starmer offers UK peacekeeping troops in Ukraine for ‘security of our continent’: Australian Broadcasting Corp
#PeopleMedia