လိုအပ်ရင် ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်မှာဖြစ်ကြောင်း ပြင်သစ်သမ္မတထပ်မံပြောကြား
PUBLISHED - March 16, 2024
နိုင်ငံတကာ၊ မတ် ၁၆
လက်ရှိအခြေအနေအရ ယူကရိန်းကို အနောက်တိုင်းတပ်ဖွဲ့တွေ စေလွှတ်ဖို့ မလိုအပ်သေးပေမဲ့ လိုအပ်လာခဲ့ရင် အနောက်တိုင်းတပ်ဖွဲ့ဝင်တွေ စေလွှတ်ရေးကို မစဉ်းစားဘဲနေမှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်က ထပ်မံပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့ (မတ်လ ၁၄ ရက်နေ့) က ပြုလုပ်ခဲ့တဲ့ TF1 နဲ့ France 2 ပြင်သစ်ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ မက်ခရွန်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံကိုပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာလည်း ဥရောပအတွက် စစ်ပွဲရဲ့သဘာဝနဲ့ ဒီစစ်ပွဲမှာ ရုရှားကို အနိုင် ရသွားအောင် ခွင့်မပြုဖို့ အရေးကြီးကြောင်းကိုလည်း သမ္မတမက်ခရွန်က အလေးထားပြောကြားခဲ့ပါတယ်။
“ဒီစစ်ပွဲမှာ ရုရှားအနိုင်ရသွားလို့ လုံးဝမဖြစ်ပါဘူး။ ယူကရိန်းကို ပြင်သစ်တပ်ဖွဲ့ဝင်တွေ လိုအပ်လာရင် စေလွှတ် သွားမှာပါ။ ဘာအနီရောင်မျဉ်းမှ မရှိပါဘူး။ ကျွန်တော်ဟာ ပြင်သစ်သမ္မတဖြစ်တဲ့အတွက် ကျွန်တော်ဆုံးဖြတ် နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ယူကရိန်းစစ်ပွဲတင်းမာမှုတွေ မြင့်တက်နေပြီး ဖြေရှင်းဖို့ နည်းလမ်းတွေရှာဖွေနေစဉ်အတွင်းမှာပဲ အခုလို သမ္မတ မက်ခရွန်က ပြောကြားလိုက်တာပါ။
သမ္မတမက်ခရွန်ရဲ့စကားဟာ ပြင်သစ်နိုင်ငံရဲ့ခိုင်မာတဲ့ရပ်တည်မှုကို ထင်ဟပ်ပေါ်လွင်စေပြီး လိုအပ်လာရင် ယူ ကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ အသင့်ရှိကြောင်း အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။
ယူကရိန်းကို အနောက်နိုင်ငံကတပ်တွေ စေလွှတ်မယ့် ရွေးချယ်မှုကို မစဉ်းစားဘဲနေမှာမဟုတ်ဘူးလို့ သမ္မတ မက်ခရွန်က နဂိုကတည်းက ပြောပြီးသားဖြစ်ပါတယ်။
ပြင်သစ်နဲ့ ယူကရိန်းကြား ၁၀ နှစ်သက်တမ်းရှိ နှစ်နိုင်ငံ လုံခြုံရေးသဘောတူညီချက် ထောက်ခံရေးမဲခွဲဆုံးဖြတ် ဖို့အတွက် ယူကရိန်းနိုင်ငံထဲက ပြင်သစ်နိုင်ငံရဲ့ မဟာဗျူဟာနဲ့ပတ်သက်ပြီး ပြင်သစ်လွှတ်တော်ထဲမှာ မကြာ သေးခင်ကပဲ ဆွေးနွေးငြင်းခုန်ခဲ့ကြပါတယ်။
သမ္မတမက်ခရွန်ဟာ ယူကရိန်းကို ထပ်မံကူညီထောက်ပံ့နိုင်ဖို့အတွက် ဂျာမန်အဓိပတိ အိုလက်ရှိုး၊ ပိုလန်ဝန် ကြီးချုပ် ဒေါ်နယ်လ်ထပ်ခ်တို့နဲ့လည်း သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
သမ္မတမက်ခရွန်ရဲ့ ပြောကြားချက်ကို ဥရောပတစ်ဝန်း နိုင်ငံတွေမှာ ဆွေးနွေးနေကြပြီး တချို့ခေါင်းဆောင်တွေ ကတော့ မက်ခရွန်ရဲ့အမြင်နဲ့ မတူဘူးလို့ ဆိုပါတယ်။
Ref: Macron to send French troops to Ukraine
#PeopleMedia