• Follow Us on
Latest News

Home လုံခြုံရေးကျိုးပေါက်မှုများမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရဲချုပ်ပြောကြား

လုံခြုံရေးကျိုးပေါက်မှုများမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရဲချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

 

လုံခြုံရေးကျိုးပေါက်မှုများ မရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၅/၂၀၂၃)ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာ ရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို နောင်တော်တပ်မတော်နှင့်အတူ ဆောင်ရွက်နေကြတာဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် လုံခြုံရေးကျိုးပေါက်မှုများ မရှိ စေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် အဓိကကျတာကြောင့် ပြည်သူလူထုအတွင်း ကိုယ်ချင်းစာတရား၊ စေတနာတို့ထားရှိကာ ကောင်း မွန်သောဝန်ဆောင်မှုဖြင့် မှုခင်းအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ပြီး ပြစ်မှုတိုက် ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်သွားကြရမှာဖြစ်ကြောင်း၊ ပြောသည်။

 

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း လက်တွဲ၍  မူးယစ်ဆေးဝါး ပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ် အရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်သွားကြရန်နှင့် လူမှုရေးလုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာဖြင့် တက် တက်ကြွကြွပါဝင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရဲချုပ်က ပြောသည်။

 

ရဲချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ ပကတိအခြေအနေများနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာ အကောင် ထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ရဲတပ်ဖွဲ့ဝင်များမှလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် မိမိတို့ကျရာ ကဏ္ဍအလိုက် တက်ကြွစွာ ပူးပေါင်းပါဝင်သွားကြရန် လိုအပ်ကြောင်း၊ လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလိုက်နာရမည့် အစဉ် အလာကောင်း(၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ် ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက် ခဲ့သည့်တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မ တော်နှင့်အတူ လက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားကြ ရမှာဖြစ်ကြောင်းစသည်ဖြင့် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)ပါမောက္ခချုပ် ဦးကျော်စိုး၊ ဗဟိုမီးသတ်သင်တန်း ကျောင်းမှ ကျောင်းအုပ် ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယ ရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၁၅) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား (၁၉၉)ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး (၁၄၂)ဦး စုစုပေါင်း (၃၄၁)ဦး တို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post