လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သံခွန်မော်တော်ရေယာဉ်ကို PDF က ဒရုန်းဖြင့် တိုက်ခိုက်၊ ဒရုန်းဗုံးက စာသင် ကျောင်းအနီး ကျရောက်ပေါက်ကွဲ
PUBLISHED - June 13, 2024
နေပြည်တော်၊ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာဆိပ်ကမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သံခွန် မော်တော် ရေယာဉ်ကို PDF က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဒရုန်းဗုံးက စာသင်ကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဇွန်လ (၁၁)ရက် နေ့ခင်း (၂)နာရီခွဲခန့်က ဟင်္သာမကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာ ဆိပ်ကမ်းမှ PDF အဖွဲ့ ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသော တပ်မတော် လှုပ်ရှားစစ်ကြောင်းအဖွဲ့မှ တပ်ဖွဲ့ဝင်(၂)ဦးတို့အား သံခွန်မော်တော်ရေယာဉ်ဖြင့် ထုံးကြီးကျေးရွာဆိပ်ကမ်းသို့ သွားရောက်ပို့ဆောင်ခဲ့သည်။
ယင်းသို့ လာရောက်ပို့ဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သံခွန်မော်တော်ရေယာဉ်သည် ထုံးကြီးကျေးရွာ ဆိပ်ကမ်းသို့ရောက်ရှိချိန်တွင် ဇွန်လ (၁၂)ရက် နေ့ခင်း (၁)နာရီ (၅၀)မိနစ်အချိန်က PDF အဖွဲ့ဝင်များမှ ဒရုန်း ဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်ခဲ့သည်။
အဆိုပါ PDF အဖွဲ့ဝင်များ တိုက်ခိုက်ခဲ့သည့် ဒရုန်းဗုံးသည် ထုံးကြီးကျေးရွာတွင် ဖွင့်လှစ်သင်ကြားနေသည့် အထက်တန်းကျောင်း၏ အရှေ့ဘက် ခြံစည်းရိုး အပြင်ကပ်လျက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရ သည်။
ယင်းသို့ ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းရှိ တာဝန်ရှိသူများမှ ပညာသင်ကြားနေလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား ခေါ်ယူ၍ ကျောင်းသား၊ ကျောင်းသူများအား မိဘများထံအပ်နှံကာ ကျောင်းမှ ပြန်လည်၍ စေလွှတ်လိုက်ကြောင်းနှင့် ဒရုန်း ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီး မှုမရှိကြောင်း သိရသည်။
#PeopleMedia