လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - June 8, 2024
နေပြည်တော်၊ ဇွန် ၈
လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်၍ ဆက်လက်၍ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။
ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုံခြုံရေးနှင့်ပတ်သက်၍ အချို့ဒေသများတွင် ငြိမ်းချမ်းမှုကို လိုလားသည့် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး သောင်းကျန်းသူများထံ ပေးပို့မည့် လက်နက်ခဲ ယမ်းများကို တားဆီးပိတ်ဆို့နိုင်ခဲ့ကြောင်း၊ တပ်မတော်မှ ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည့်ဒေသများရှိ မြို့ရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်း များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့လက်လွတ်ခဲ့ရသော မြို့ရွာများကိုမီးရှို့ဖျက်ဆီးခြင်းများသည် အပြစ်မဲ့ ပြည်သူများ၏ အိုးအိမ်များပျက်စီးအောင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အလွန်စိတ်ထားသေးသိမ်သည့် လုပ်ရပ်များပင်ဖြစ်ကြောင်း ပြောသည်။
စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံရေးကိစ္စကို အကြမ်းဖက်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်နေ ကြသည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေး ကိုဆောင်ရွက်နေကြခြင်းဖြစ် သည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့် အညီသာ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တိုင်းရင်းသား အားလုံးအခွင့်အရေး တန်းတူရရှိရေးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လမ်းပန်းဆက်သွယ်မှုများ မပြတ်တောက် စေ ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အကြမ်းဖက်သမားများ၏ တရားမဝင်မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုများကို တားဆီးနိုင်ရေးနှင့် လက်နက်ခဲယမ်းမီးကျောက်သယ်ယူမှုများ တားဆီးနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နေရာများရှိ လုံခြုံရေးစခန်းများကို လာရောက်တိုက်ခိုက်မှုများရှိကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေး ပိုင်းနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်၍ ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။
နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများက ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ် ကြောင်း၊ အလားတူပင် ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ အဆိုပါ ဒေသတွင် နေထိုင်ကြသည့် ဒေသခံအဖျက်သမားအကြမ်းဖက်များပင်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်ဖြစ်ပေါ်နေသည့် အကြမ်းဖက် လုပ်ရပ်များကို အဆိုပါဒေသတွင်နေထိုင်ကြသည့် ဒေသခံအကြမ်း ဖက်များက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အခြားဒေသတွင်နေထိုင်သူများက လာရောက်လုပ်ဆောင်နိုင် ခြင်းမရှိကြောင်း၊ မိမိဒေသကိုဖျက်ဆီးနေသူများဖြစ်ကြောင်း၊ ဉပမာပေးရမည်ဆိုပါက “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia