လုံခြုံရေးအားကောင်းရာ ရန်ကုန်မြို့၊ လမ်း ၃၀ အလယ်ဘလောက်ရှိ စိန်ရွှေရတနာဆိုင် ဓါးပြတိုက်ခံရပြီး သိန်း ၈၀၀၀ ခန့်ပါသွား
PUBLISHED - January 8, 2025
ရန်ကုန်၊ ဇန်နဝါရီ ၈
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က လုံခြုံရေးအားကောင်းရာ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့၊ လမ်း ၃၀ အလယ်ဘလောက်ရှိ ရွှေချစ်သူ စိန်ရွှေရတနာဆိုင်ကို အကြမ်းဖက်သမား ၃ ဦးက လက်နက်ကိုယ်စီဖြင့် ဓါးပြတိုက်ရာ စိန်နဲ့ ရွှေထည် ခန့်မှန်း ကျပ်သိန်း ၈၀၀၀ ခန့် ပါသွားကြောင်း မိသားစုဝင်က ပြောသည်။
“ဆိုင်မှာက အဖေရယ် အမေရယ် ဆိုင်သန့်ရှင်းရေးရယ် ၃ ယောက်ပဲရှိတာ။ ၁၀ နာရီအချိန်မှာ ရွှေရောင်းဖို့ ဆိုပြီး ဆိုင်ထဲကိုဝင်လာပြီး သေနတ်ကိုယ်စီနဲ့ ဓါးပြတိုက်တာ။ လူ ၃ ယောက်မှာ သေနတ် ၃ လက် ပါတယ်။ ဓါးတွေပါတယ်။ ပြီးရင် ဆိုင်ထဲက CCTV ကင်မရာတွေကိုလည်း ဖျက်ဆီးသွားတယ်။ သူတို့ ဖျက်ဆီးဖို့ ကျန်တဲ့ CCTV တွေ ရှိခဲ့တော့ အချက်အလက်တော့ ရတယ်။ အဖေနဲ့ အမေကို ရေချိုးခန်းထဲမှာ ပိတ်လှောင်ထားခဲ့ တယ်” လို့ ဆိုင်ပိုင်ရှင်ရဲ့ မိသားစုဝင်က ပြောသည်။
ဓါးပြတိုက်ခံရမှုနဲ့ ပတ်သက်ပြီး CCTV ဖိုင်များကို ရဲစခန်းသို့ ပို့ဆောင်ထားသလို အမှုဖွင့်ထားကြောင်း ကနဦး သိရသည်။
#PeopleMedia