လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် စည်းကမ်းချက်များ ကရင် BGF ထုတ်ပြန်

PUBLISHED - January 17, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူဟာ မြဝတီမြို့မှာ ရှိတဲ့ စစ်ဘက်ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံ ရတ်ချာမာနုတပ်ဖွဲ့က ပြော ကြားလိုက်ပါတယ်။
နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဖို့အတွက် အခုလို တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရတ်ချာမာနု တပ်ဖွဲ့ဟာ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကင်းလှည့်နေတဲ့ နရီဆူဝန် (Naresuan Force) တပ်ဖွဲ့လက်အောက်က ဖြစ်ပါတယ်။
မြဝတီြမို့မှာနေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အားလုံးနဲ့ မိတ်ဖက်အဖွဲ့အစည်းအားလုံး BGF က ထုတ်ပြန် လိုက်တဲ့အချက် ငါးချက်ကို လိုက်နာရမယ်လို့ ဗိုလ်ချုပ်စောချစ်သူက အစည်းအဝေးမှာ ပြောပါတယ်။
အဲဒီအချက်တွေကတော့ ၁) လူကုန်ကူးမှုကွန်ရက်တွေ၊ ငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင်လုပ်ငန်းတွေနဲ့ တခြားဥပဒေနဲ့ မညီတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့သတင်းတွေစောင့်ကြည့်ရာမှာ BGF အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရန်၊ ၂) အကျပ်ကိုင် ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စော်ကားခြင်းနဲ့ လူမဆန်စွာညှင်းပန်းနှိပ်စက်ခြင်းတို့ လုံးဝမလုပ်ရန်၊ ၃) အသက် ၁၈ နှစ်အောက်အရွယ်ကို လုပ်သားအဖြစ် ခိုင်းစေခြင်းမပြုရန်၊ ၄) လူကုန်ကူးမှုလုပ်ငန်းတွေက ငွေကြေးကောက်ခံခြင်း လုံးဝမလုပ်ရန်နဲ့ ၅) မည်သည့်အွန်လိုင်း ငွေလိမ်ဂိုဏ်းလုပ်ငန်းကိုမှ လုပ်ဆောင်ခြင်းမပြုရန် တို့ဖြစ်ပါတယ်။
တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ဘယ်လိုလုပ်ငန်းမျိုးကိုမဆို ပိတ်ပစ်မှာဖြစ်ပြီး နယ်မြေအတွင်းက မောင်းထုတ်ပစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါအစည်းအဝေးကို BGF ခေါင်းဆောင်တွေ၊ ဒီမိုကရေစီဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) က ခေါင်း ဆောင်ေွနဲ့ မြဝတီမြို့က တရုတ်အမျိုးသားအများစုပါဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၆၀ လောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ လောင်းကစားဝိုင်းတွေပါဝင်တဲ့ ဖျော်ဖြေရေးနယ်မြေကြီးတစ်ခုအကောင်အထည်ဖော်နိုင်ရေး ဥပဒကြမ်း ပြဋ္ဌာန်းဖို့ ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ကာစီနိုလောင်းကစားရုံ လေးငါးခုရှိနေတဲ့ မြဝတီမြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ သန့်စင်အောင် ရှင်းလင်းဖို့အတွက် BGF အဖွဲ့က အခုလို အစည်းအဝေးခေါ်ယူခဲ့တာ ဖြစ်နိုင်ကြောင်း ဆန်းစစ်လေ့လာသူတွေက ခန့်မှန်းကြပါတယ်။
ကာစီနိုလောင်းကစားတွေပါဝင်တဲ့ အဲဒီဥပဒေကို ထိုင်းနိုင်ငံက အတည်ပြုပြဋ္ဌာန်းလိုက်ပြီဆိုရင် မြဝတီမြို့ဟာ ထိုင်းဖျော်ဖြေရေးနယ်မြေကြီးရဲ့ ပြိုင်ဘက်ဖြစ်လာမှာ ဖြစ်ပါတယ်။
Ref: Karen Border Guard body enforces rules to tackle human trafficking: The Nation
#PeopleMedia