လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူများသည် Online မှတစ်ဆင့် ကျူးလွန်လာကြဟု ပြည်ထဲရေးဝန်ကြီး ပြောကြား
PUBLISHED - September 12, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၂
လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူများသည် Online မှတစ်ဆင့် ကျူးလွန်လာကြသည်ကို တွေ့မြင်နေ ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကို ယမန်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ လူမှုကွန်ရက်အပါအဝင် နည်းပညာများကို အလွဲသုံးပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှုများ ရှိနေပါကြောင်း၊ လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူများသည် Online မှတစ်ဆင့် ကျူးလွန်လာကြသည်ကို တွေ့မြင်နေရကြောင်း၊ မြန်မာနိုင်ငံ သည် Online ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များတွင် အဓမ္မစေခိုင်းမှုများကို လတ်တလော ရင်ဆိုင် ကြုံတွေ့နေရပြီး အခြားနိုင်ငံသားများလည်း အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်း ချုပ်နိုင်ရန် အလေးအနက်ထား ဆောင်ရွက်ရန်လိုကြောင်း၊ ပြောသည်။
မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသော နိုင်ငံခြားသားများအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ သံရုံးများနှင့် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ဆက်သွယ်မှု လမ်းကြောင်းတို့မှတစ်ဆင့် အကူအညီ တောင်းခံလာမှုများနှင့်ပတ်သက်၍လည်း ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုတွေကို ပြန်လည်သုံးသပ်အကဲဖြတ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ နှစ်စဉ် ရေးဆွဲသည့် လုပ်ငန်းစီမံချက်များအား ကြည့်လျှင် ၂၀၂၂ ခုနှစ်အတွင်းမှာ လုပ်ငန်းစီမံချက်တစ်ခုလုံး၏ ၈၆ % သာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက် လုပ်ငန်းစဉ်အားလုံးကို ရာနှုန်း ပြည့်အောင် ဆောင်ရွက်နိုင်ရေးနှင့် အကျိုးရလဒ် ရရှိသည်အထိ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အကြား အလေးထား ညှိနှိုင်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ ယခုလာမည့် ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံ ချက်ရေးဆွဲရာတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များအပြင် လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်း မည့် နည်းလမ်းများကို ထည့်သွင်းရေးဆွဲသွားကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့သည်။
#PeopleMedia