လူငယ်များအနေဖြင့် အသိအမြင်မှန်ရန် လိုအပ်ပြီး လမ်းမှား မရောက်စေလိုကြောင်း ဦးခင်ရီပြောကြား

PUBLISHED - February 10, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
လူငယ်များအနေဖြင့် အသိအမြင်မှန်ရန် လိုအပ်ပြီး လမ်းမှား မရောက်စေလိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီပြောကြား လိုက်သည်။
ယနေ့ ဖေဖော်ဝါရီလ (၁၀)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ လူငယ်များ တွေ့ဆုံပွဲတွင် ဦးခင်ရီက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်ပြီး လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးကို အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိကာ ပါတီမှလည်း ထက်မြတ်သည့် အားမာန်ရှိသည့် လူငယ်များနှင့် ဖြူစင်သည့် လူငယ်များကို မွေးထုတ်ပေးလျက်ရှိကြောင်း ဦးခင်ရီက ထပ်မံပြောကြားသည်။
ယင်းနောက်တွင် ယနေ့ ကြုံတွေ့နေရသည့် အခက်အခဲများသည် စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကို ကျောခိုင်းခဲ့သည့် ပါတီအဖွဲ့အစည်း တစ်ခုကြောင့် ဖြစ်ကာ တော်လှန်ရေးဆိုသည်မှာ မဟုတ်မှန်ဘဲ သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်သာဖြစ်ကြောင်းနှင့် တော်လှန်ရေး အမည်ခံပြီး ဆရာတော်သံဃာတော်များကို သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို သတ်ဖြတ်ခြင်း၊ ဆရာ/ဆရာမများကို သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။
ယင်းအတွက်ကြောင့် လူငယ်များသည် လူငယ်များသည် ကိုယ့်နိုင်ငံကိုယ် ကာကွယ်သူများ ဖြစ်ရန် လိုအပ်ကြောင်းနှင့် မကာကွယ်နိုင်ရင်တောင် ဖျက်ဆီးတဲ့သူ မဖြစ်ဖို့ လိုအပ်ကြောင်း ဦးခင်ရီမှ ရှင်းလင်း ပြောဆိုသွားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အပါအဝင် ပါတီမှ အကြီးအကဲများနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ(၈)မြို့နယ်မှ လူငယ် (၈၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
#PeopleMedia