လူတစ်စု၏ မိုက်မဲမှုကို ဒေသခံလူအများကခံနေရဟု နစကဥက္ကဋ္ဌ ပြောကြား

PUBLISHED - September 2, 2023
နေပြည်တော်၊ စက်တင်ဘာ ၂
လူတစ်စု၏မိုက်မဲမှုကို ဒေသခံလူအများက ခံနေရကြောင်း ယမန်နေ့က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“နိုင်ငံတော်အစိုးရအနေနဲ့ တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ဖို့ တစ်ပြေးညီဆောင်ရွက်နေပေမယ့် အကြမ်းဖက်မှုတွေ ရှိနေတဲ့ နယ်မြေတွေမှာ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်လို့ မရတာကို တွေ့ရပါတယ်။ နောက်ကျ ကျန်ခဲ့ခြင်းအကျိုးဆက်ကို နယ်မြေခံလူထုကခံစားနေရပါတယ်။ တစ်စုရဲ့ မိုက်မဲမှုကို ဒေသခံလူတွေက ခံနေရ ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုးကိုကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များအနေဖြင့်လည်း အဆင့်ဆင့် ကွပ်ကဲကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဒေသ အလိုက်ရှိ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ၍ ၎င်းတို့၏ ယုံကြည်ချက်၊ ခံယူချက် မြင့်မားလာအောင် ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း ပြောသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်း ပြည်အပေါ်တွင် စိတ်ကောင်းစေတနာကောင်းထား ရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည့် ပါတီစုံ ဒီမို ကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန် များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာလက် မှတ်ရေး ထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း၊ ယခုအခါ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကိုတွေ့ရကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင် မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia