• Follow Us on
Latest News

Home လူမှုအဖွဲ့အစည်းများကိုအကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO၊ NGO နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

လူမှုအဖွဲ့အစည်းများကိုအကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO၊ NGO နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဇူလိုင် ၆

 

လူမှုအဖွဲ့အစည်းများကို အကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO၊ NGO နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄)ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

“INGO၊ NGO တွေနဲ့ ပတ်သက်ပြီးလည်း အသင်းအဖွဲ့တွေ စည်းကမ်းနဲ့အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ပါ တယ်။ လူမှုအဖွဲ့အစည်းတွေကို အကြောင်းပြပြီးတော့ စည်းကမ်းဖောက်ဖျက်မှုတွေရှိတဲ့အတွက် INGO၊ NGOနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်ဖို့ လိုပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ပြည်ပနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် မိမိတို့အနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ပေါ် တွင်အခြေခံ၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်ပနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဆက်ဆံဆောင်ရွက်နေရသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆက်ဆံဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံ့အရေးကို စိတ်ဝင်စားသည့် လူငယ်များ၊ လုပ်ငန်းရှင်များရှိ ကြောင်း၊ ၎င်းတို့ကို လက်တွဲခေါ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ်များနှင့် ပတ်သက်၍ ဘဏ်စနစ်ကို ပြည်သူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့်ဘဏ်များကိုလည်း စနစ်တကျစိစစ်ကြပ်မတ်ဆောင် ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်မှုများရှိပါက နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိသဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။

 

ရွေးကောက်ပွဲနှင့်ပတ်သက်၍  ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလဆန်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ဆောင်၍ရသည့်နေရာတိုင်း၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ် ဆောင်ရန် ကန့်သတ်ချက်ရှိသည့်နေရာများ၌လည်း အဖြစ်နိုင်ဆုံးကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုအပ်ပါက အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ သွားသူများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းဇယား ကောက်ယူစိစစ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်မှသာ မဲစာရင်းများပြုစုရာတွင် မှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်းပြုစုခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

 

#PeopleMedia


Share this post