လူအင်အား (၅၀၀၀) ပြည့်မီစေရန် ဖားကန့်တွင် စစ်သွေးကြွ KIO၊ KIA လက်နက်ကိုင်အဖွဲ့မှ လူသစ်စုဆောင်းခြင်းအား အတင်းအဓမ္မ ပြုလုပ်နေ

PUBLISHED - February 13, 2025
ဖားကန့်၊ ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ စစ်သွေးကြွ KIO၊ KIA လက်နက်ကိုင်အဖွဲ့မှ လူအင်အား (၅၀၀၀) ပြည့်မီစေရန် ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း၊ မော်စီဆာ နေရာအနံ့တွင် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း ပြုလုပ်နေကြောင်း ဖားကန့်မြို့ခံများထံမှ သိရသည်။
“ဒီနှစ်ထဲမှာ KIO၊ KIA အဖွဲ့က လူအင်အား (၅၀၀၀) လိုတယ်ဆိုပြီး မြို့နယ်အလိုက် သတ်မှတ်လူဦးရေ ပေးရမယ်ဆိုတဲ့ သတင်းကြားတယ်။ အဲ့ဒီတော့ ဖားကန့်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး အတင်းအဓမ္မ လိုက်ဆွဲနေတယ်။ ကျောက်ဝိုင်းဘက်လည်း လူမရှိကြတော့ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကစ၍ ဖားကန့်၊ ဆိုင်းတောင်၊ မော်စီဆာ၊ လုံးခင်း စသည့်နေရာအနှံ့တွင် KIO၊ KIA လက်နက်ကိုင်အဖွဲ့မှ မိုးချုပ်စမှ ညသန်းခေါင်ယံအထိ နေအိမ်များတွင် လူငယ်၊ လူရွယ်၊ အမျိုးသား၊ အ မျိုးသမီး (၄၀) ကျော်အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းသို့ အတင်းအဓမ္မ လူသစ်စုဆောင်းနေခြင်းများပြုလုပ်နေ၍ ဖားကန့်မြို့နယ်အတွင်းက လူစည်ကားရာ နေရာများမှာ ယခင်ကလို စည်ကားခြင်းမရှိသကဲ့သို့ အခြားမြို့နယ်များမှ ရွေ့ပြောင်းအလုပ်သမားများလည်း လာရောက်ခြင်းမရှိသည့်အပြင် ရေမဆေးကျောက်ရှာဖွေသူ အများအပြားတို့မှာလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီးဒေသ၊ တနိုင်း၊ ချီဖွေ၊ ပန်ဝါ၊ လန်ဆယ်၊ ပူတာအို စသည့် ဒေသများတွင်လည်း KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းမှ လူအင်အား (၅၀၀၀) ပြည့်မီစေရန် လူသစ်စုဆောင်းခြင်းနှင့် ဘဏ္ဍာခွန်ရရှိစေရန် ဆက်ကြေးကောက်ခံခြင်းများကိုပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကျော်
#PeopleMedia