လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ
PUBLISHED - October 2, 2024
နေပြည်တော်၊ အောက်တိုဘာ ၂
နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာသို့ လာရောက်၍ စာရင်း ကောက်ယူခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည့်ပြည့်စုံစုံဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ မိသားစုလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်း၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းတို့ကိုလည်း ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံ၏ တိကျ မှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွား ရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက်ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူ ပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ ခုကိုသာ မေးမြန်းကောက်ယူခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြီးပြည့်စုံစေရေးအတွက် မေးခွန်း ၂၇ ချက်တိုးမြှင့်၍ သန်းခေါင်စာရင်း ဆိုင်ရာမေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထပ်မံတိုးမြှင့်ကောက်ခံမည့် အချက်အလက်များမှ ထင်ရှားသောဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်း ဆက်လက် မတက်ရောက်ရသည့်အဓိက အကြောင်းရင်း၊ အိမ်အကြောင်းအရာကဏ္ဍတွင် အမှိုက်စွန့်ပစ်မှုစနစ်၊ သန့်ရှင်းမှုစနစ်စသည်ဖြင့် တိုးမြှင့်မေးမြန်းထားသည်ကိုတွေ့ရှိရပြီး ယင်းအချက်များမှာ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတို့တွင် အစိုးရမှမည်ကဲ့သို့ ဖြည့်ဆည်းပေးရမည်ကို သုံးသပ်သည့် မေးခွန်းများဖြစ်သဖြင့် လက်တွေ့အသုံးဝင်သည့် အချက်အလက်များပင်ဖြစ်ကြောင်း၊ စာရင်းကောက်ယူ သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက်စာရင်းကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia