• Follow Us on

Home လေကြောင်းကချပေးတဲ့ ဖိလစ်ပိုင်ရိက္ခာထုပ်ကို တရုတ်သင်္ဘောတွေက လာရောက်သိမ်းဆည်းသွား

လေကြောင်းကချပေးတဲ့ ဖိလစ်ပိုင်ရိက္ခာထုပ်ကို တရုတ်သင်္ဘောတွေက လာရောက်သိမ်းဆည်းသွား

Share this post

နိုင်ငံတကာ၊ ဇွန် ၅

 

တောင်တရုတ်ပင်လယ်တွင်းရှိ ဖိလစ်ပိုင်ရေပေါ်ကင်းစခန်းကို လေကြောင်းကချပေးတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါး ထုပ်ကို တရုတ်သင်္ဘောတွေက တရားမဝင်လာရောက်သိမ်းဆည်းသွားကြောင်း ဖိလစ်ပိုင်တပ်မတော်က အင်္ဂါ နေ့ (ဇွန်လ ၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်ရေပိုင်နက်လို့ ပြောထားတဲ့ Spratly ကျွန်း Second Thomas ရေ အောက်သောင်စွယ်မှာ ကျောက်ချထားပြီး ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ တပ်ဖြန့်ချထားတဲ့ ဖိလစ်ပိုင်ရေတပ် သင်္ဘောပျက်တစ်စီးမှာ မေလ ၁၉ ရက်နေ့က အဲဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုနေပြီး ဖိလစ်ပိုင် က ရိက္ခာပို့စေလွှတ်လေ့ရှိတဲ့ Second Thomas ရေ အောက်သောင်စွယ်လို အငြင်းပွား ရေပိုင်နက်တွေမှာ တရုတ်သင်္ဘောတွေနဲ့ ဖိလစ်ပိုင်သင်္ဘောတွေ မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားနေကြပါတယ်။

 

တရုတ်အမြန်ရေယာဉ်နှစ်စီးဟာ ဖိလစ်ပိုင်ကျောက်ချသင်္ဘောပျက် ဆီရာရားမါဒရီးသင်္ဘောကို ၁၀ မီတာ အကွာအဝေးကနေ မောင်းဝင်လာပြီး ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေအတွက် လေကြောင်းက ချပေးထားတဲ့ စားနပ် ရိက္ခာထုပ်ကို ယူဆောင်သွားခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ “အကြောင်းမဲ့ ရန်စကျူးကျော်ခြင်း” ဖြစ် ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ပြောပါတယ်။

 

အခုလို ရိက္ခာထုပ်ကိုလာရောက်သိမ်းဆည်းခံရတာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်က ပြောပါတယ်။

 

“အခုလို ရိက္ခာထုပ်ကိုလာရောက်သိမ်းဆည်းတာဟာ ဥပဒေနဲ့မညီတဲ့လုပ်ရပ်ဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့အချိန် မျိုးမှာတောင် တခြားနိုင်ငံက ထောက်ပံ့ရေးပစ္စည်းတွေကို သိမ်းဆည်းခွင့်မရှိပါဘူး။” လို့ ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာက သတင်းထောက်တွေကို ပြောပါတယ်။

 

အဲဒီအမြန်ရေယာဉ်တွေပေါ်မှာပါလာတဲ့တရုတ်တပ်ဖွဲ့ဝင်တွေဟာ တရုတ်ကမ်းခြေစောင့်တပ်ကလား၊ တရုတ် ရေတပ်ကလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရကြောင်း အနောက်ဖိလစ်ပိုင်ပင်လယ်ပြင်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရိုင်ဗန်းဆင့် တရီနီဒက်က ပြောပါတယ်။

 

အဲဒီနေ့က လေကြောင်းက ချပေးခဲ့တဲ့ ရိက္ခာထုပ်အများစုကိုတော့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေက သွားရောက်ရယူ နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်တပ်မတော်က ပြောပါတယ်။

 

အဆိုပါသောင်စွယ်တန်းဟာ ဖိလစ်ပိုင်နိုင်ငံ အနောက်ဘက် ပါလာဝန်ကျွန်းကနေ ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀) ဝန်းကျင်သာ ကွာဝေးပြီး တရုတ်နိုင်ငံနဲ့အနီးဆုံးဖြစ်တဲ့ ဟိုင်နန်ကျွန်းကနေ ကီလိုမီတာ ၁၀၀၀ ကျော်ကွာဝေးတဲ့ နေရာဖြစ်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံဟာ အဲဒီသောင်စွယ်တန်းမှာ တပ်ဖြန့်ချထားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် စားနပ်ရိက္ခာတွေကို ရေ ကြောင်းကသာ ပုံမှန်ပို့ဆောင်လေ့ရှိပေမဲ့ ပြီးခဲ့တဲ့လကတော့ တရုတ်နိုင်ငံရဲ့ ကြားဖြတ်နှောင့်ယှက်မှုကို ရှောင် ရှားချင်တဲ့အတွက် လေကြောင်းကနေ ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာက ပြောပါ တယ်။

 

ဆီရာရားမါဒရီးသင်္ဘောပျက်မှာ တပ်ဖြန့်ချထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေက တရုတ်သင်္ဘောတွေကို သေနတ် တွေနဲ့ ချိန်ရွယ်ခဲ့တယ်ဆိုတာကိုတော့ ဗိုလ်ချုပ်ကြီးဘရော်နာက ငြင်းဆိုခဲ့ပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မနီလာမှာရှိတဲ့ တရုတ်သံရုံးကပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

 

Ref: Philippines Says Chinese Boats Seized Supplies Airdropped to Filipino Outpost

 

#PeopleMedia


Share this post