လေတပ်စခန်းနဲ့ လေယာဉ်ပြေးလမ်းတွေ တိုးချဲ့တည်ဆောက်ရာမှာ တရုတ်က အမေရိကန်ထက် သာလွန်နေ
PUBLISHED - January 10, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတါင်း လေတပ်စခန်းတွေ တိုးချဲ့တည်ဆောက်ရာမှာ ရင်းနှီးမြှုပ်နှံမှုအများအပြားသုံးစွဲ ခဲ့ပြီး အမေရိကန်နဲ့ တစ်ဖက်စောင်းနင်းဖြစ်တဲ့အထိ တိုးတက်သွားတဲ့အခြေအနေတစ်ခုကို ဖန်တီးခဲ့ကြောင်း အမေရိကန် ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
အနာဂတ်ကာလစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ လေ ယာဉ်ဂိုဒေါင်ပေါင်း ၃,၀၀၀ ကျော်နဲ့ နောက်ထပ် လေယာဉ်ပြေးလမ်းတွေကိုယ တည်ဆောက်ခဲ့ကြောင်း ဝါရှင်တန်ဒီစီ အခြေစိုက် Hudson Institute အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါတိုးချဲ့တည်ဆောက်မှုတွေဟာ တရုတ်နိုင်ငံမှာရှိတဲ့ တိုက်လေယာဉ်တွေကို သိုလှောင်ထိန်းသိမ်းထားဖို့ လိုအပ် တဲ့ ပမာဏထက် ကျော်လွန်များပြားနေတယ်လို့ ဆိုပါတယ်။
အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံဟာ လေယာဉ်ဂိုဒေါင်တွေနဲ့ လေယာဉ်ပြေးလမ်းအရေအတွက် တိုးချဲ့မှုအနည်း ငယ်သာရှိသလို လေတပ်စခန်းတိုးချဲ့မှုကိုလည်း သာမန်ထက် အနည်းငယ်သာ တိုးချဲ့ထားတယ်လို့ ဆိုပါတယ်။
“အမေရိကန်လေယာဉ်အများစု ဆုံးရှုံးမှုတွေဟာ မြေပြင်ကလေယာဉ်ကွင်းတွေမှာ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ခေတ်မီလေယာဉ်တွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်တာနဲ့ ယှဉ်ပြီး ဒီခြိမ်းခြောက်မှုတွေကို တန်ပြန်ရင်ဆိုင်ဖို့ အတွက် တခြား အရာတွေနဲ့ နှိုင်းယှဉ်ရင် အမေရိကန်တပ်မတော်ဟာ အာရုံစူးစိုက်မှုနဲ့ ရင်းမြစ်တွေအပေါ်မှာ အင်အားစိုက် ထုတ်လုပ် ဆောင်မှု အတော်နည်းပါးပါတယ်။” လို့ သောမတ်ရှုဂတ်နဲ့ တမ်ဝေါ်တန်တို့က အစီရင်ခံစာထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လေယာဉ်ကွင်းတွေကို အသုံးပြု မယ်ဆိုရင်တောင်မှ တရုတ်နိုင်ငံနဲ့ ယှဉ်ရင် ၂၅ ရာခိုင်နှုန်းဝန်းကျင် အချိုးမညီဖြစ်နေဦးမှာ ဖြစ်တယ်လို့လည်း Hudson Institute အဖွဲ့က ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ဂျပန်နိုင်ငံက လေယာဉ်ကွင်းတွေ တစ်မျိုးတည်းကိုပဲ မှီခိုအားထားနေရမယ်ဆိုရင်တော့ အချိုး မညီမှုဟာ ၈၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီခြားနားချက်ကိုကြည့်ရင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ရဲ့ လေယာဉ်ကွင်းတွေကို တိုက်ခိုက်ဖျက်ဆီးဖို့အတွက် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်စရာမလိုဘူးလို့ အဓိပ္ပါယ် ထွက်ပါတယ်။
“စစ်ဆင်ရေးသဘောအရပြောရရင် စစ်ပွဲတစ်ပွဲမှာ လေကြောင်းစစ်ဆင်ရေးဆင်နွှဲရာမှာ ဒီအခြေအနေကြောင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုထက် ပိုမိုတောင့်ခံထားနိုင်မှာဖြစ်ပါတယ်။” လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
“မဟာဗျူဟာအမြင်အရပြောရရင် ယိုင်းယိမ်နေတဲ့ ဒီအချိုးမညီတဲ့အန္တရာယ်ဟာ စစ်ပွဲကို ပထမဦးဆုံး စတင်တိုက်ခိုက်ပြီး အကျိုးအမြတ်ရယူနိုင်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အားပေးအားမြှောက် ပြုသလို ဖြစ်နေပါတယ်။ ရန်သူ့လေ ကြောင်းစွမ်းရည်ကို တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ အခွင့်အလမ်း တစ်ရပ်ရှိနေတယ်လို့ တရုတ်က မြင်လာရင် တရုတ်နိုင်ငံက စစ်ပွဲကို စတင်တိုက်ခိုက်လာနိုင်ပါတယ်။” လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ အနာဂတ်စစ်ပွဲမှာ အရင်ဆုံးပစ်မှတ်တွေဖြစ်လာနိုင်တဲ့ လေတပ်စခန်းတွေရဲ့ ခံနိုင်ရည်စွမ်း ရည်ကို မြှင့်တင်ဖို့ Hudson Institute အဖွဲ့က အကြံပြုထားပါတယ်။
လေယာဉ်ကွင်းတွေတိုက်ခိုက်မှုဒဏ် လျှော့ချနိုင်ဖို့အတွက် တာဝေးပျံသန်းနိုင်တဲ့ လေယာဉ်တွေကို တိုးမြှင့်ထုတ်လုပ် ရေးရင်းနှီးမြှုုပ်နှံဖို့အတွက်လည်း အမေရိကန်တပ်မတော်ကို အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ထိုးစစ်လက်နက်တွေထက် ခံစစ်လက်နက်တွေကို ပိုမိုဦးစားပေးထုတ်လုပ်ရေး တရုတ်အစိုးရကို ဖိအားပေးဖို့ အတွက် တရုတ်လေယာဉ်ကွင်းတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ကြည်း၊ ရေ၊ လေ၊ ရေငုပ်သင်္ဘောသုံး တာဝေး ပစ်ဒုံးကျည်တွေနဲ့ ရန်သူ့ဒုံးပစ်လောင်ချာတွေ၊ jamming စက်တွေ၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တိုက်ဖျက်ရေးစက်တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ ဒုံးကျည်တွေ တပ်ဖြန့်ချထားဖို့ အစီရင်ခံစာမှာ အကြံပေးဖော်ပြထားပါတယ်။
Ref: China Outpacing US in Airbase Fortification as War Threat Grows: Think Tank
#PeopleMedia