လေပြင်းဒဏ်ခံရတဲ့ စင်္ကာပူလေယာဉ်ပေါ်က ခရီးသည် ၅၈ ဦး ထိုင်းနိုင်ငံ ဆေးရုံတွေမှာ ဆေးဝါးကုမှု ခံယူနေရဆဲဖြစ်
PUBLISHED - May 23, 2024
နိုင်ငံတကာ၊ မေ ၂၃
ထိုင်းနိုင်ငံမှာ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ စင်္ကာပူလေကြောင်းလိုင်း လေယာဉ်တစ်စင်းက ထိခိုက်ဒဏ်ရာရခဲ့ တဲ့ ခရီးသည်တွေထဲက အရေးပေါ် ကြပ်မတ်ကုသမှုခံယူနေရတဲ့ ခရီးသည် ၂၀ အပါအဝင် ခရီးသည် ၅၈ ဦးဟာ ထိုင်းနိုင်ငံမှာဆေးဝါးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဘန်ကောက် ဆာမစ်တစ်ဗ်ဗေးဂျ်ဆီနာဂရင်ဒ် (Samitivej Srinagarind) ဆေးရုံကြီးက ဗုဒ္ဓဟူးနေ့ (မေလ ၂၂ ရက်နေ့) က ပြောပါတယ်။
လန်ဒန်ကနေ စင်္ကာပူကို မေလ ၂၁ ရက်နေ့က ပျံသန်းလာတဲ့ စင်္ကာပူလေကြောင်းလိုင်းခရီးစဉ်အမှတ် SQ321 ဘိုးရင်း ၇၇၇-၃၀၀ ER လေယာဉ်ဟာ လမ်းခရီးမှာ အင်အားကြီးမားလှတဲ့လေပြင်းကြောင့် ဝရုန်းသုန်းကား ဖြစ် ပြီး ထိုင်းနိုင်ငံကို အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
မေလ ၂၁ ရက်နေ့က ခရီးသည် ၁၀၃ ဦးကို ဆာမစ်တစ်ဗ်ဗေးဂျ်ဆီနာဂရင်ဒ် ဆေးရုံ၊ ဆာမစ်တစ်ဗ်ဗေးဂျ် ဆူ ခမ်ဗစ်ဆေးရုံနဲ့ ဘန်ကောက်ဆေးရုံတို့ကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။ ဆာမစ်တစ်ဗ်ဗေးဂျ် ဆူဗန်နတ်ဟူမီ ဆေးရုံမှာ တက်ရောက်နေတဲ့ ခရီးသည် ၂၇ ဦးကိုတော့ ပြန်လည်စေလွှတ် လိုက်ပြီဖြစ်ပါတယ်။
ဆာမစ်တစ်ဗ်ဗေးဂျ်ဆီနာဂရင်ဒ်မှာရောက်ရှိနေပြီး အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်နေတဲ့ ခရီးသည် ၉ ဦးက တော့ လက်ရှိအချိန်မှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။
ခရီးသည် ၅ ဦး/ ၆ ဦးခန့်ကိုတော့ အဆိုပါဆေးရုံမှာပဲ ခွဲစိတ်ကုသပေးနေတယ်လို့ဆိုပါတယ်။
ဆေးရုံတင်ထားရတဲ့ ခရီးသည်တွေထဲမှာ ဗြိတိန်နိုင်ငံသား ၁၄ ဦး၊ သြစတေးလျ ၉ ဦး၊ မလေးရှား ၇ ဦး၊ နယူးဇီ လန် ၃ ဦး၊ ဖိလစ်ပိုင် ၆ ဦး၊ စင်္ကာပူ ၂ ဦးနဲ့ ဟောင်ကောင်၊ အမေရိကန်၊ အိုင်ယာန်၊ တောင်ကိုရီးယား၊ မြန်မာနဲ့ စပိန်နိုင်ငံတို့က တစ်ဦးစီပါဝင်ပါတယ်။
ခရီးစဉ်အမှတ် SQ321 ဘိုးရင်း ၇၇၇-၃၀၀ ER လေယာဉ်ဟာ ရုတ်တရက် သတိပေးချိန်မရလိုက်ဘဲ CAT ခေါ် အင်အားကြီးမားတဲ့လေ ပြင်းဒဏ်ခံခဲ့ရတာဖြစ်ပါတယ်။
လေပြင်းဒဏ်ကြောင့် လေယာဉ်ဟာ ၃ မိနစ်ဝန်းကျင် ၂ ကီလိုမီတာ ထိန်းမရဘဲ အောက်ဘက်ကို ထိုးကျခဲ့ တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သူတွေဟာ လုံခြုံရေးခါးပတ် ပတ်မထားတဲ့ ခရီးသည်တွေဖြစ်ကြောင်း သိရပါတယ်။
Ref: 58 injured Singapore Airlines passengers still in Bangkok hospitals
#PeopleMedia