လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်းတိုက်ပွဲဝင်ကြရမည့်သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ်အမြဲမြင့်မားနေရမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်(လေ) ပြောကြား

PUBLISHED - January 17, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၇
လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့်သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဖြစ်ကြောင်း တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောကြားသည်။
ကာကွယ်ရေးဦးစီးချုပ်(လေ)က လေသူရဲများဖြစ်လာအောင်လေ့ကျင့်ပေးရာမှာ နိုင်ငံတော်အနေနှင့် မျှော်မှန်းချက်ကြီးမားစွာထားရှိပြီး အချိန်ပေါင်းများစွာ၊ အရင်းအမြစ်ပေါင်းများစွာ၊ ငွေပေါင်းများစွာ အကုန်အကျခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ မျှော်မှန်းချက်များ အကောင်အထည်ပေါ်လာရေးအတွက် မိမိကိုယ်မိမိတန်ဖိုးထားပြီး ကြိုးပမ်းတာဝန်ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း၊ သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာပျံသန်းရေးအုပ်များကို ရောက်ရှိသွားချိန်တွင် တစ်ဦးချင်းအနေဖြင့် ပျံသန်းရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး အရာရှိများဖြစ်သည့် အတွက် ခေါင်းဆောင်မှုတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ လိုက်ပါလုပ်ဆောင်မှုတို့ ရရှိလာအောင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပြီး ရည်မှန်းချက် တာဝန်များကိုပါ ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်နိုင်စွမ်းရှိသည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်တိုက်ပွဲဝင်ရာတွင်ဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြားတာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စိတ်ဓာတ်မြင့်မားခိုင်မာနေမှသာ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ လေယာဉ်/ ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့်သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက်ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ကျင့်တည်ဆောက်သွားကြရန် မှာကြားလိုကြောင်း ကာကွယ်ရေးဦးစီးချုပ်(လေ)က ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်(လေ)က မြန်မာနိုင်ငံသား တပ်မတော်သားလေသူရဲများဖြစ်သည့်အတွက် နိုင်ငံတော်က ထုတ်ပြန်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ တပ်မတော်ကထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြား ချက်များ၊ ဒေသန္တရအမိန့်များ၊ လုပ်ထုံးလုပ်နည်းများကို အပြည့်အဝ လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး ပျံသန်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကိုလည်း အတိအကျ လိုက်နာလုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်မြင့်မားပြီး တိုက်စွမ်းရည်ပြည့်ဝသည့် လေသူရဲကောင်းများဖြစ်လာစေရန် ပျံသန်းရေးနှင့်လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ကန့်သတ်ချက်၊ သတ်မှတ် ချက်များကို ခြွင်းချက်မရှိ အတိအကျလိုက်နာစောင့်ထိန်းကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
#PeopleMedia