လွိုင်ကော်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များရှိ ရာနှင့်ချီသော ရဟန်း၊ သံဃာတော်များသည် ဆွမ်းအခက်အခဲကြောင့် ရှမ်းပြည်နယ်ဘက်သို့ ရွှေ့ပြောင်း သီတင်းသုံး
PUBLISHED - January 14, 2022
လွိုင်ကော်၊ ဇန်နဝါရီ ၁၄ (People Media)
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြို့တွင်းတိုက်ပွဲများ ဖြစ်ပေါ်လာမှုကြောင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း များနှင့် စာသင်တိုက်များရှိ ရာနှင့်ချီသည့် ရဟန်း၊ သံဃာတော်များသည် ဆွမ်းအခက်အခဲ ဖြစ်ပေါ်နေခြင်း ကြောင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ရှမ်းပြည်ဘက်ကို ရွှေ့ပြောင်းခဲ့ရကြောင်း လွိုင်ကော်မြို့ ရွှေကျောင်းဆရာ တော်မှ မိန့်ကြားသည်။
“လူကမရှိတော့တဲ့အတွက် သံဃာတော်တွေက ဆွမ်းအတွက် ခက်ခဲလာလို့ မနေ့က ရွှေ့ကြတာ။ အဲ့ဒါကို ဦးဇင်းတို့က လိုက်ပို့ပေးတာ။ ရှမ်းပြည်ဘက်ကို ရွှေ့တာ များတယ်။ သံဃာတော် အတိအကျ မသိပေမယ့် သံဃာတော်တွေ ရာနဲ့ချီပြီးတော့ ရှိတယ်” လို့ ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အလားတူ လက်ရှိအချိန်၌ ကယားပြည်နယ်မြို့တွင်း၌ တိုက်ပွဲများ ဖြစ်ပေါ်မှုကြောင့် မြို့ခံများသည် တည် ငြိမ်မှုရှိသည့် ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ရသည်။
လက်ရှိအချိန်၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် အတွက် ရဟန်း၊ သံဃာတော်များ၊ ဒေသခံများမှာ အနေဖြင့် ပင်လောင်း၊ နောင်တရား၊ ဆီဆိုင်၊ ဆိုက်ခေါဝ်၊ နမ်းခုတ်၊ တောင်ကြီး၊ ညောင်ရွှေ၊ အောင်ပန်း စသောနေရာများသို့ လာရောက်နေထိုင်လျက်ရှိကြောင်း လူမှုကူ ညီရေးအသင်းများထံမှ သိရသည်။
အဆိုပါ ရွှေ့ပြောင်းလာကြသည့် စစ်ဘေးရှောင်များအတွက် စားသောက်ကုန်များနှင့် အဝတ်အထည်များ လိုအပ်နေလျက်ရှိကြောင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူများက ပြောသည်။
Photo – CJ
#PeopleMedia #ကယားပြည်နယ်
(unicode)
…………………………………………………………..
Photo – CJ