လွတ်လပ်စွာဆန္ဒပြခွင့်ရှိသော်လည်း ပရမ်းပတာလုပ်ခွင့်မရှိကြောင်း ဘိုင်ဒန်ပြော
PUBLISHED - May 3, 2024
နိုင်ငံတကာ၊ မေ ၃
အမေရိကန်ပြည်သူတွေအနေနဲ့ ဆန္ဒဖော်ထုတ်ခွင့်ရှိပေမဲ့ ပရမ်းပတာလုပ်ခွင့်မရှိကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က မေလ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဂါဇာစစ်ပွဲအတွက် တက္ကသိုလ်တွေမှာပြလုပ်တဲ့ ဆန္ဒပြပွဲတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ တရားဥပဒေစိုးမိုးမှု ကို လေးစားရမှာဖြစ်ကြောင်း ပြောဆိုစဉ် သမ္မတဘိုင်ဒန်က အခုလို ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။
ဆန္ဒပြပွဲဒုတိယမြောက်ညဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ (မေလ ၁ ရက်နေ့) မှာ ဆန္ဒပြသူ ၅၀၀ ဝန်းကျင်ရှိတဲ့ ကယ်လီဖိုးနီး ယားတက္ကသိုလ်ဝင်းအတွင်းကို အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ကယ်လီဖိုးနီးယားအမြန်လမ်းကင်းလှည့်တပ်ဖွဲ့က လူစုမခွဲတဲ့ဆန္ဒပြသူတွေကို စတင်ဖမ်းဆီးနေချိန်မှာ ဆန္ဒပြပွဲ ကို ထောက်ခံသူ ၂၀၀၀ ကျော်ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်အပြင်ဘက်မှာရှိနေပါတယ်။
“ပုံရိပ်အားလုံးကို ကျွန်တော်တို့ တွေ့မြင်ခဲ့ပြီးပါပြီ။ သူတို့က အခြေခံအမေရိကန်စည်းမျဉ်းနှစ်ခုကို စမ်းသပ်ခဲ့ကြ တာပါ။ ပထမတစ်ချက်က လွတ်လပ်စွာပြောဆိုခွင့်နဲ့ လွတ်လပ်စွာစုရုံးခွင့်၊ တင်ပြခွင့်တို့ဖြစ်ပါတယ်။ ဒုတိယအ ချက်က တရားဥပဒေစိုးမိုးမှုဖြစ်ပါတယ်။ နှစ်ခုစလုံးကို ကာကွယ်ရမှာဖြစ်ပါတယ်။” လို့ ဘိုင်ဒန်က ကြာသပတေး နေ့က ပြောပါတယ်။
အမေရိကန်ဟာ အာဏာရှင်နိုင်ငံတစ်နိုင်ငံမဟုတ်ကြာင်း၊ ငြိမ်းချမ်းစွာဆန္ဒပြခြင်းဟာ အရေးကြီးတဲ့ပြဿနာတွေ ကို တုံ့ပြန်ဖို့ အမေရိကန်နိုင်ငံသားတွေအတွက် အကောင်းဆုံးအစဉ်အလာတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောပါ တယ်။
“ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံဟာ ဥပဒေမဲ့နိုင်ငံတစ်နိုင်ငံမဟုတ်ဘဲ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့အ တွက် တရားဥပဒေစိုးမိုးမှုရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကြီးမားပြီး မတူကွဲပြားမှုတွေနဲ့အတူ လွတ် လပ်တဲ့တွေးခေါ်မှုတွေနဲ့ လွတ်လပ်ရေးကို ချစ်မြတ်နိုးတဲ့နိုင်ငံဖြစ်တာမို့ သမိုင်းတစ်လျှောက်မှာ အခုလိုအဖြစ်အ ပျက်မျိုးကို မကြာခဏဆိုသလို ကြုံတွေ့ခဲ့ရပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ဒီကိစ္စက ရှင်းရှင်းလင်းလင်း သေဘာပေါက်နားလည်တဲ့ကိစ္စပါ။ နိုင်ငံရေးမဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် ရှင်းရှင်းပဲပြောပါရစေ။ အကြမ်းဖက်ဆန္ဒပြမှုကို အကာအကွယ်ပေးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာဆန္ဒပြတာကို သာ အကာအကွယ်ပေးမှာဖြစ်ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။
ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ ဥပစာတစ်ခုကို ကျော်နင်းဝင်ရောက်ခြင်း၊ တံခါးပေါက်တွေကို ရိုက်ချိုး ခြင်း၊ ပြည်သူတွေကို အကြောက်တရားသွပ်သွင်းပေးခြင်းနဲ့ တက္ကသိုလ်ပရဝုဏ်တွေကို ပိတ်ဆို့ထားခြင်းတို့ဟာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြတာ မဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
“သဘောထားအမြင်မတူညီမှုဟာ ဒီမိုကရေစီနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ စာမေးပွဲဖြေဆိုနိုင်အောင်နဲ့ ပညာရေးဆုံးခန်းတိုင်သင်ကြားနိုင်အောင် အဲဒီသဘောထား မတူညီမှုဟာ ဥပဒေချိုး ဖောက်တဲ့ဆီကို ဒါမှမဟုတ် တခြားပြည်သူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တားဆီးတဲ့ဆီ ဆီကို ဘယ်တော့မှ ရောက်ရှိသွားလို့မရပါဘူး။” လို့ ဘိုင်ဒန်က ပြောပါတယ်။
ပြည်သူတွေမှာ ဆန္ဒပြဖို့ အခွင့်အရေးရှိပေမဲ့ ပရမ်းပတာလုပ်ဖို့ အခွင့်အရေးမရှိကြောင်း၊ အလားတူ ပြည်သူတွေ အနေနဲ့ ကျောင်းပညာသင်ကြားခွင့်ရှိသလို တက္ကသိုလ်ပရဝုဏ်တွေမှာ တိုက်ခိုက်ခံရမယ့်အန္တရာယ်ကို စိုးရိမ်စ ရာမလိုဘဲ ဘေးကင်းလုံခြုံစွာ လျှောက်နိုင်ခွင့်ရှိကြောင်း ၎င်းက ပြောပါတယ်။
“ရှင်းရှင်းလင်းလင်း ပြောပါ့မယ်။ လူမျိုးရေးဝါဒအတွက် အမေရိကန်မှာ နေရာမရှိပါဘူး။ အမေရိကန်တက္ကသိုလ် ပရဝုဏ်တွေမှာလည်း နေရာမရှိပါဘူး။ ဂျူးဆန့်ကျင်ရေး၊ ဂျူးဆန့်ကျင်ရေးခြိမ်းခြောက်မှုလုပ်ဖို့ နေရာမရှိပါဘူး။ အဲဒီလိုလုပ်နေရင် ဒါဟာ မှားယွင်းနေတာပါ။ ဒါဟာ အမေရိကန်မဟုတ်ပါဘူး။” လို့ ၎င်းကပြောပါတယ်။
ဆန္ဒပြခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လေးစားတယ်ဆိုတာ လုပ်ချင်တာလုပ်စမ်းလို့ အဓိပ္ပာယ်မရ ကြောင်း ဘိုင်ဒန်က ပြောပါတယ်။
Ref: Biden: ‘People have the right to protest, but not the right to cause chaos’: The Jerusalem Post
#PeopleMedia