လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောဆို

PUBLISHED - January 15, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၅
မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကို အလေးအနက်ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
ကယားပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်နေချိန်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါသည်ဟုဆိုသော ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီ စနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးအားမြှောက်ပြုလုပ်နေကြောင်း၊ ၎င်းတို့မှာ မိမိတို့နိုင်ငံအား သူတို့အလိုကျ ခြယ်လှယ်ချုပ်ကိုင်နိုင်ရန်နှင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင် စနစ်ကို အားပေးနေခြင်းပင်ဖြစ်သည်ကို သတိပြုမိကြစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောဆိုသည်။
“နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းသွားရမှာ ဖြစ်ပါတယ်။ ဒီလို လျှောက်လှမ်းနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမယ်ဆိုတာကို အလေးအနက်ပြောကြား လိုပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးကိုသာ အစဉ်ရှေးရှု ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေရန်နှင့် စားရေရိက္ခာ ဖူလုံစေရန် အဓိကထားပြီး တိုင်းရင်းသားပြည်သူများနှင့်အတူ တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
#PeopleMedia