လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ရရှိရေး ထိုင်းနိုင်ငံနဲ့ EFTA အဖွဲ့ မျှော်လင့်နေ
PUBLISHED - January 19, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉
ထိုင်းနိုင်ငံနဲ့ ဥရောပလွတ်လပ်သောကုန်သွယ်ရေးအဖွဲ့ (EFTA) ကြား လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ရရှိရေး ဆွေးနွေးဖို့အတွက် ဒါဗက်စ်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်ဟာ ဆွစ်ဇာလန်သမ္မတဗီအိုလာအမ်ဟက်ဒ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အခုနှစ်အကုန်မှာ သဘောတူညီချက်ကို အပြီးသတ်ဆောင်ရွက်နိုင်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေက မျှော်လင့်ထားကြတယ်လို့ ဆိုပါတယ်။
လစ်တန်စတိုင်း၊ အိုက်စလန်၊ နော်ဝေနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ပါဝင်တဲ့ ဥရောပလွတ်လပ်သောကုန်သွယ်ရေး အဖွဲ့ (EFTA) က အရာရှိတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ထိုင်းကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ ဆုံခဲ့ပြီး ၇ ကြိမ်မြောက် ဆွေးနွေးခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံနဲ့ EFTA အဖွဲ့ဝင်နိုင်ငံတွေကြားက ကုန်သွယ်မှုဟာ ဒေါ်လာ ၃.၅ ဘီလျံကျော်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဥရောပလွတ်လပ်သောကုန်သွယ်ရေးအဖွဲ့ (EFTA) နဲ့ ထိုင်းနိုင်ငံကြား စေ့စပ်ညှိနှိုင်းမှု တွေကို ၂၀၀၅ ခုနှစ်က စတင်ပြုလုပ်ခဲ့ပေမဲ့ တစ်နှစ်အကြာမှာ ရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ်ကျမှ ထပ်မံဆွေး နွေးခဲ့ကြတာဖြစ်ပါတယ်။
အီလက်ထရောနစ်ပစ္စည်းတွေနဲ့ နာရီမျိုးစုံ အစိတ်အပိုင်းတွေဟာ ထိုင်းနိုင်ငံရဲ့ထိပ်တန်းပြည်ပပို့ကုန်တွေ ထဲမှာ ပါဝင်ကြောင်း EFTA အဖွဲ့က ပြောပါတယ်။
“ထိုင်းနိုင်ငံဟာ တကယ့်ကို ယှဉ်ပြိုင်မှုစွမ်းအားကြီးမားလှတဲ့နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မော် တော်ကားထုတ်လုပ်ရေး၊ တာရှည်ခံပစ္စည်းထုတ်လုပ်ရေးတွေကို ဆောင်ရွက်နေပြီဖြစ်ပြီး တန်ဖိုးပြောင်း လဲမှုကွင်းဆက် ကို မြှင့်တင်ပြီးသွားပြီဖြစ်ပါတယ်။” လို့ LGT Bank Asia က ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ မြောက်စီမံချက်ရေးဆွဲသူအကြီးအကဲ စတီဖင်ဟိုးဖားက ပြောပါတယ်။
တပြိုင်တည်းမှာပဲ ထိုင်းနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆွစ်ဇာလန်နိုင်ငံ Nestle ကုမ္ပဏီက အမှု ဆောင်အရာရှိတွေနဲ့လည်း ဝန်ကြီးချုပ်ဆရက်ထာက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Nestle ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ရဲ့ အကျိုးကျေးဇူးကို ခံစားလာရနိုင်ဖွယ်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်လာနိုင်ကြောင်း ဆရက်ထာက ပြောပါတယ်။
Ref: Thailand and EFTA expect to wrap up free trade agreement by year-end
#PeopleMedia