လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံ ကိန်းကြီးများ မရပ်တန့်ခဲ့ပါက နိုင်ငံ၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို များစွာဖြည့်ဆည်းနိုင်မည်ဟု န.စ.က ဥက္ကဌပြော

PUBLISHED - August 9, 2023
မြစ်ကြီးနား၊ သြဂုတ် ၉
လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံ ကိန်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံ ကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိသဖြင့် လတ် တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိမှ သာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် စားရေရိက္ခာဖူလုံမှုရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာမှုရှိစေရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိစေရေးတို့ကို မိမိတို့အစိုးရအနေဖြင့် အဓိကဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကေကေ
#PeopleMedia