• Follow Us on
Latest News

Home လွိုင်လင်နှင့် တောင်ကြီးတွင် ကျပ် ၂,၅၂၄.၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

လွိုင်လင်နှင့် တောင်ကြီးတွင် ကျပ် ၂,၅၂၄.၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃

 

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် ငွေကျပ် ၂,၅၂၄.၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

အောက်တိုဘာလ ၁၈ ရက်နေ့ ၂၀၄၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် နော်ထွန်း မောင်းနှင်လာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၆ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆.၆ သိန်း)အား လည်းကောင်း၊ ၂၀၄၅ အချိန် အဆိုပါနေရာ၌ စိုင်းပီး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၆၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၆၀)၊ ကက်တမင်း အလေးချိန် ၁၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ အောက်တိုဘာလ ၁၉ ရက်နေ့ ၁၄၀၀ အချိန် ထက်အောင်ဦးနှင့် မောင်မောင်ထွန်း(ခ)အားချိန်(ခ)အားမီ တို့အား တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် HONDA FIT အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ ၁၄၄၅ အချိန် ထက်အောင်ဦး တည်းခိုနေထိုင်သည့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၆၈ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁,၈၄၈ သိန်း)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နော်ထွန်း(၃၈)နှစ်၊ စိုင်းပီး(၂၅)နှစ်၊ ထက်အောင်ဦး(၂၅)နှစ်နှင့် မောင်မောင်ထွန်း(ခ)အားချိန်(ခ)အားမီ(၃၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post