• Follow Us on

Home လွှတ်တော်ကိုစီးနင်းသိမ်းပိုက်ဖို့ကြိုးစားတဲ့ ကင်ညာဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒပြသူ လေးငါးဦး သေဆုံး

လွှတ်တော်ကိုစီးနင်းသိမ်းပိုက်ဖို့ကြိုးစားတဲ့ ကင်ညာဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒပြသူ လေးငါးဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဇွန် ၂၆

 

ကင်ညာနိုင်ငံမှာ အခွန်တိုးမြှင့်တဲ့ဥပဒေကြမ်းကို ကန့်ကွက်တဲ့ဆန္ဒပြပြည်သူတွေဟာ ကင်ညာလွှတ်တော်ကို ဝင် ရောက်စီးနင်းသိမ်းပိုက်ဖို့ ကြိုးစားစဉ် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒပြသူ လေးငါးဦးခန့် သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွားပါတယ်။

 

နိုင်ငံတွင်း စားဝတ်နေရေးကျပ်တည်းနေတဲ့အချိန်မှာ အဲဒီဥပဒေကြမ်းကို ကန့်ကွက်မဲပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြ ပွဲကို မြို့တော်နိုင်ရိုဘီမှာ အင်္ဂါနေ့ (ဇွန်လ ၂၅ ရက်နေ့) က လူငယ်တွေ ဦးဆောင်ပြီးကျင်းပခဲ့ရာမှာ ကင်ညာ ပြည်သူအများအပြား ပူးပေါင်းပါဝင်လာကြပါတယ်။

 

ဒါပေမဲ့ လွှတ်တော်အမတ်တွေက အဲဒီဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ ထောက်ခံမဲပေးခဲ့ကြသလို ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အဦထဲကို ချိုးဖျက်ဝင်ရောက်လာကြတဲ့အတွက် လွှတ်တော်အမတ်တချို့က လွှတ်တော် ထဲကနေ ထွက်ပြေးသွားကြပါတယ်။

 

လွှတ်တော်အဆောက်အဦတချို့နေရာတွေကိုလည်း ဆန္ဒပြသူတွေက မီးတင်ရှို့လိုက်ကြပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကြားကို မျက်ရည်ယိုဗုံးတွေပစ်သွင်းပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆန္ဒပြသူတွေ လွှတ်တော်ထဲက ပြန်ထွက်ပြေးသွားကြပါတယ်။

 

လွှတ်တော်အမတ်တွေကိုတော့ မြေအောက်လိုဏ်ခေါင်းတွေကတစ်ဆင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့လူစုခွဲပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာ ဆေးပညာအသင်းနဲ့ NGO လေးငါးခုရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒဏ်ရာရတဲ့သူတွေထဲမှာ ၁၃ ဦးဟာ ကျည်စစ်ကျည်မှန်ထိမှန်ထားတာဖြစ်ပြီး ၄ ဦးကတော့ ရော်ဘာကျည်ထိ မှန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“လွတ်လပ်စွာစုရုံးခွင့်ကို အကာအကွယ်ပေးသွားမယ်လို့ အစိုးရက အာမခံထားပေမဲ့ ဒီကနေ့ ဆန္ဒပြပွဲတွေက တော့ အကြမ်းဖက်မှုဆီကို ရောက်ရှိသွားပါတယ်။” လို့ အဆိုပါအဖွဲ့တွေက ပြောပါတယ်။

 

ကင်ညာနိုင်ငံရဲ့လုံခြုံရေးဟာ အရေးအကြီးဆုံး ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်ကြောင်း ကင်ညာသမ္မတ ဝီလျံ ရူတိုက ပြောပါတယ်။

 

ဆိုးရွားလှတဲ့ဆန္ဒပြပွဲတွေဟာ သစ္စာဖောက်လုပ်ရပ်ဖြစ်ပြီး အခွန်တိုးမြှင့်ခြင်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို အန္တရာယ်ပြုနိုင်တဲ့လူတွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ကြောင်း ရူတိုက ပြောပါတယ်။

 

ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေနဲ့ ဆန္ဒပြလူအုပ်ကြီးကို လူစုခွဲဖို့ကြိုးစားရာမှာ မအောင်မြင်တဲ့အ တွက် ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အရေးကြီးတဲ့ အဆောက်အဦတွေကို ဖျက်ဆီးချိုးဖောက်တဲ့အထိ အခြေအနေဆိုက်ရောက်လာတဲ့ အရေးပေါ် လုံခြုံရေးထိန်းသိမ်းရာမှာ ရဲတပ်ဖွဲ့ကို ကူညီဖို့အတွက် ကင်ညာတပ်မတော်ကို တပ်ဖြန့်ချထားကြောင်း ကာကွယ် ရေးဝန်ကြီး အေဒန်ဒူဝယ်လ်က ပြောပါတယ်။

 

Ref: Several killed as Kenyan police open fire on anti-tax bill protesters

 

#PeopleMedia


Share this post