• Follow Us on

Home လှိုင်မြို့နယ်၌ ရွှေ ၅ ပိဿာကျော်အား လုယက်သူ တရားခံသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး တရားခံတစ်ဦး ထွက်ပြေးတိမ်းရှောင်နေ

လှိုင်မြို့နယ်၌ ရွှေ ၅ ပိဿာကျော်အား လုယက်သူ တရားခံသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး တရားခံတစ်ဦး ထွက်ပြေးတိမ်းရှောင်နေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ငွေကျပ်သိန်း ၂၅,၄၀၂ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၅ဝ အား သေနတ်ပြ ခြိမ်းခြောက်ရိုက်နှက်၍ လုယက်သူ တရားခံအမျိုးသားသုံးဦးအား သက်သေခံရွှေထည်ပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံတစ်ဦး ထွက်ပြေးတိမ်းရှောင်နေကြောင်း နစကမှ သတင်းထုတ်ပြန်လိုက်သည်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ “မြရွှေယုံ” ရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ် သိန်း ၅၀ တို့အား သံသေတ္တာ ၃ လုံးဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းတစ်ဦးတည်းမောင်းနှင်သည့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့်သယ်ဆောင်စဉ် လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့အရောက် မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား ၄ ဦးရောက်ရှိလာပြီး သေနတ်တစ်ချက်ပစ်ခတ်၍ ယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံးမှန်အားတူဖြင့်ထု၍ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သေတ္တာ (၃) လုံး လုယူထွက်ပြေးသွားသဖြင့် ပိတောက်ချောင်း နယ်မြေရဲစခန်း (ပ) ၉၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

 

လုံခြုံရေးအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် တောင်ဥက္ကလာပ မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက် ရပ်ကွက်၊ မြေနီကုန်းဈေးလမ်း၊ တိုက်အမှတ် (၄၁)၊ (၄)လွှာ၊ အခန်း (4A) နေ မသက်ထားခိုင် (ခ) ရည်မွန်အေး (၃၇) နှစ်ကို မသင်္ကာသဖြင့်စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းတွင် လုယက်မှုမှ ပါသွားသော ပလက်တီနမ်ရွှေဖြူဆွဲကြိုး ၈ ကုံးနှင့် ငွေ ၁၀ သိန်းကျပ်တို့အားတွေ့ရှိပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်မှ ရောင်းချခိုင်းလိုက်ကြောင်းသိရသဖြင့် တရားခံ ထက်အောင်ခိုင် (၃၆) နှစ် (ဘ)ဦးအေးချို အား ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။ ထက်အောင်ခိုင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ ခြောက်လုံးပြူး (၁) လက်၊ S&WL ကျည် (၉) တောင့်၊ ၎င်းကျည်ခွံ (၁) ခု၊ ငွေစက္ကူရောရာ ၁၈ သိန်းကျပ်၊ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ (စိစစ်ဆဲ) တို့အား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်ကြသည့် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ တရားခံ ကျော်ကြီး (ခ) ကျော်ဇင်ဟိန်း (၂၂) နှစ် (ဘ) ဦးထွန်းထွန်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ် (၈) ရပ်ကွက်နေ တရားခံ စောပိုင်ဇော်ဦး (ခ) ပိုင်ကြီး (၃၅) နှစ် (ဘ) ဦးစံသောင်းတို့အား အသီးသီးဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိတရားခံ ၃ ဦးတို့၏ ထွက်ဆိုချက်များအရ တရားခံ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း(ခ)ကျော်ကြီးနှင့် တရားခံဝေကြီး (ဖမ်းဆီး ရန်ကျန်) တို့ (၃) ဦးသည် KNU တပ်မဟာ (၇) ဝေ့ရှမ်း ကျေးရွာတွင်ဖွင့်လှစ်သော PDF အကြမ်းဖက် သင်တန်းအပတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းများဖြစ်ကြပြီး အဆိုပါသင်တန်းတက်ရောက်နေစဉ် ထက်အောင်ခိုင်သည် သင်တန်း၌ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ဦးမာမူ (စိစစ်ဆဲ) ထံမှ ဒဿမ ၃၂ ဗို့ခြောက်လုံး ပြူးနှင့် ကျည်များအား ငွေကျပ် (၂၁) သိန်းဖြင့်ဝယ်ယူခဲ့ပြီး “မြရွှေယုံ”ရွှေဆိုင်သို့ (၃/၄) ကြိမ်ခန့် လေ့လာကာ ဆိုင်ဖွင့်ချိန်နှင့် ဆိုင်သိမ်းချိန်များတွင် ယာဉ်မောင်းတစ်ဦးတည်း ဆိုင်မှရွှေထည်ပစ္စည်းများအား သယ်ယူ ပို့ဆောင်လေ့ရှိကြောင်း သိရှိရသဖြင့် လုယက်မှုကျူးလွန်ရန် ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

 

လုယက်မှုကျူးလွန်ရာတွင် တရားခံ ထက်အောင်ခိုင်မှ Toyota Corolla အဖြူရောင်ယာဉ်အားမောင်းနှင်၍ အခင်းဖြစ်ခြံရှေ့တွင် ရွှေထည်ပစ္စည်းများသယ်ဆောင်လာသည့်ယာဉ်အား အနောက်မှကပ်လျက်ရပ်တန့်ကာ ယာဉ်မောင်းဖြစ်သူအား သေနတ်ဖြင့်ချိန်၍ တံခါးဖွင့်ခိုင်းခြင်း၊ တရားခံ ဝေကြီး (ဖမ်းဆီးရန်ကျန်)မှ ကားတံခါး အားတူဖြင့်ထုခြင်း၊ တရားခံထက်အောင်ခိုင်မှခြံ၏ အရပ်သား လုံခြုံရေးဝန်ထမ်းဖြစ်သူအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခြံဝင်းသံပန်းတံခါးအားထိမှန်ခဲ့ပြီး ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနှင့် စောပိုင်ဇော်ဦး(ခ)ပိုင်ကြီးတို့ (၂) ဦးမှ မော်တော်ယာဉ်၏ နောက်ဖုံးတံခါးအားဖွင့်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် သံသေတ္တာ (၃) လုံးအား ၎င်းတို့စီးနင်းလာသည့်ကားပေါ်သို့ တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်တွင် ရွှေထည်ပစ္စည်းနှင့် ငွေများလုယက်မှုမှဖမ်းဆီးရမိသည့် တရားခံထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ) ကျော်ကြီး၊ စောပိုင်ဇော်ဦး (ခ) ပိုင်ကြီးနှင့် ထွက်ပြေးတိမ်းရှောင် တရားခံဝေကြီး (စိစစ်ဆဲ) အား ဥပဒေနှင့်အညီ ထိရောက်သောပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံဝေကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post