ဝက်လက်မြို့ရှိ NLD ပါတီဝင် ကိုယ်စားလှယ်ဟောင်းနှစ်ဦး ပိုင်ဆိုင်သည့် နေအိမ်နှင့် အဆောက်အဦး ချိတ်ပိတ်ခံရ

PUBLISHED - October 28, 2021
စစ်ကိုင်း၊ အောက်တိုဘာ ၂၈ (People Media)
PDF အဖွဲ့များနှင့် ဆက်စပ်သည်ဟုဆို၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ရှိ NLD ပါတီ၏ မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးမြင့်သိန်းနှင့် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းတို့၏ နေအိမ်အပါအဝင် အဆောက်အဦးအချို့ ချိတ်ပိတ်ခံထားရတယ်လို့ ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။
“ချိတ်ပိတ်သွားတာက မနေ့ကပါ။ သူတို့က နေအိမ်မှာ မရှိကြဘူး။ ရှောင်နေကြတာကြာပြီ။ တိုင်းကိုယ်စား လှယ်က ကိုယ်ပိုင်အထက်တန်းကျောင်းရှိတယ်။ သူက နေအိမ်ရော ကိုယ်ပိုင်အထက်တန်းကျောင်းရော ချိတ်ပိတ်ခံရတာ” လို့ ဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူအချို့သည့် PDF အဖွဲ့များကို ငွေကြေးထောက်ပံ့ခြင်း၊ PDF အဖွဲ့များ၌ ပါဝင်ပတ်သက်သူများ၏ ပိုင်ဆိုင်သည့် အဆောက်အဦးများကို ချိတ်ပိတ်ခြင်းများကို န-စ-က အစိုးရ မှ ဆောင်ရွက်လျက်ရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းနေဆဲဖြစ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ ဆရာတော်များ၊ တပ်မတော်သတင်းပေးဟု စွပ်စွဲခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းအချို့ လုပ်ကြံသတ်ဖြတ်ခြင်းခံနေရပါတယ်။
Photo – ဝက်လက် သတင်းမှန်ပြန်ကြားရေး
#PeopleMedia #ဝက်လက်မြို့
(unicode)
…………………………………………………………