ဝဂ္ဂနာတွေဝင်လာမယ့်အရေးကြောင့် ပိုလန်နဲ့ လစ်သူယေးနီးယား ဘယ်လာရုစ်နယ်စပ်ကို ပိတ်ဖို့ စဉ်းစားနေ
PUBLISHED - July 31, 2023
နိုင်ငံတကာ၊ ဇူလိုင် ၃၁
ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတဲ့အရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်လာတဲ့အတွက် ပိုလန် နိုင်ငံနဲ့ လစ်ယူယေးနီးယားနိုင်ငံတို့ဟာ ဘယ်လာရုစ်နိုင်ငံနယ်နမိတ်နဲ့ဆက်စပ်နေတဲ့ ၎င်းတို့နိုင်ငံအသီးသီးရဲ့ နယ်စပ်ဒေသတွေကို ပိတ်ပင်ဖို့ စဉ်းစားနေကြောင်း လစ်သူယေးနီးယားဒုတိယပြည်ထဲရေးဝန်ကြီးက သောကြာ နေ့ (ဇူလိုင်လ ၂၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“နယ်စပ်ဒေသတွေပိတ်ထားဖို့ စဉ်းစားနေတယ်ဆိုတာ မှန်ပါတယ်။” လို့ ဒုတိယပြည်ထဲရေးဝန်ကြီးအာနိုးဒက် အဗရာမားဗစ်ဆိုင်းယက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေရဲ့ ရုရှားနိုင်ငံထဲက မအောင်မြင်တဲ့ပုန်ကန်မှုအပြီးမှာ ဘယ်လာရုစ်နိုင်ငံက အဲဒီ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေကို လက်ခံခဲ့ပါတယ်။
ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေဟာ ဘယ်လာရုစ်နယ်စပ်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကျော်ဖြတ်ဖို့ အ တွက် ၎င်းတို့ကိုယ်၎င်းတို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေတဲ့ ဒုက္ခသည်များအဖြစ် ဟန်ဆောင်လာနိုင်ကြောင်း လစ်သူယေးနီးယားနိုင်ငံက အနောက်မဟာမိတ်နိုင်ငံတွေကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။ “နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ်အောင်လို့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းသွားလာသူတွေကို ဒုက္ခသည်အဖြစ် ဟန်ဆောင်ပြီး လွှဲပြောင်းပေးလိုက်နိုင်ပါတယ်။” လို့ အဗရာမားဗစ်ဆိုင်းယက်စ်က ပြောပါတယ်။
ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေဟာ ဘယ်လာရုစ်နိုင်ငံထဲကို အပျော်သဘောနဲ့ ရောက်နေတာမဟုတ်ကြောင်း ပိုလန်နိုင်ငံ အာဏာရပါတီရဲ့ဥက္ကဋ္ဌ ဂျာရိုစလောကာချင်စကီက ပြောပါတယ်။
“အဲဒီဝဂ္ဂနာတပ်ဖွဲ့ဝင်တွေဟာ ပြဿနာပေါင်းသောင်းခြောက်ထောင် ဖန်တီးဖို့အတွက် ဘယ်လာရုစ်နိုင်ငံမှာ ရောက်နေတာပါ။ အဲဒီရန်စမှုတွေ၊ သူတို့ရဲ့လုပ်ငန်းတွေ မအောင်မြင်အောင်လို့ ပိုလန်နိုင်ငံအနေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ထားပါတယ်။” လို့ ကာချင်စကီက ပြောပါတယ်။
ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံနဲ့ ဥရောပသမဂ္ဂမတည်မငြိမ်ဖြစ်အောင် ဥရောပတိုက်ထဲကို ရွှေ့ပြောင်းလုပ်သားတွေ အလုံးအရင်းနဲ့ ပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း စွပ်စွဲပြောဆိုပြီး ပိုလန်နိုင်ငံနဲ့ လစ်သူယေးနီးယားနိုင်ငံတို့ဟာ ဘယ်လာရုစ်/ ရုရှားနိုင်ငံတို့နဲ့ ဆက်စပ်နေတဲ့ ၎င်းတို့ရဲ့ နယ်စပ်ဒေသတွေကို ခြံစည်းရိုးတွေ ကာရံခဲ့ပါတယ်။
Ref: Poland, Lithuania Mull Shutting Belarus Border over Wagner
#PeopleMedia