ဝန်ကြီးချုပ်ဆရက်ထာရဲ့ နယူးယောက်ခရီးစဉ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမြှင့်တင်နိုင်ခဲ့

PUBLISHED - September 25, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅
နယူးယောက်မြို့မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီး ချုပ်ဆရက်ထာထာဗီဆင်ရဲ့ ခရီးစဉ်အတွင်း ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်နိုင်ခဲသလို ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမြှင့်တင်ရေးမှာလည်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးပြောခွင့်ရ ပုဂ္ဂိုလ် ချိုင်းဝပ်ချာရောင်းက ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာဟာ ပြည်ပနိုင်ငံတွေကခေါင်းဆောင်တချို့နဲ့တွေ့ဆုံခဲ့သလို မိန့်ခွန်းငါးကြိမ်ပြောကြားခဲ့ပြီး တက်ဆလာ၊ ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်၊ စီတီဘဏ်၊ ဂျေပီမော်ဂန်နဲ့ အက်စ်တေးလော်ဒါတို့လို ကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကုမ္ပဏီကြီးတွေဟာ ထိုင်းနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုမိုစိတ်ဝင်စားလာကြကြောင်း ချိုင်းက ပြောပါတယ်။ နိုင်ငံခြားကုမ္ပဏီလေးငါးခုဟာ ထိုင်းနိုင်ငံထဲမှာ ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၅ ဘီလျံထက်မနည်း ရင်းနှီးမြှုပ်နှံကြ မှာဖြစ်တယ်လို့ ၎င်းအနေနဲ့ ယုံကြည်ထားပြီး ထိုင်းကုမ္ပဏီတွေကလည်း လာမယ့်နှစ်မှာ နယူးယောက်စတော့ အိပ်ချိန်းမှာ မှတ်ပုံတင်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဆရက်ထာက ပြောပါတယ်။
ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ၂၀၃၂ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ FIFA ရဲ့ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပဖို့အတွက် FIFA အဖွဲ့က အမှုဆောင်အရာရှိတွေနဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဘောလုံးအားကစားအတွက်ထောက်ပံ့မှုတွေမြှင့်တင်ပေးရာမှာ အရင်နှစ်တွေက တစ်နှစ်ကို ဘတ်ငွေ ၂၅၀,၀၀၀ ထောက်ပံ့ပေးနေရာကနေ လာမယ့်နှစ်တွေမှာ တစ်နှစ်ကို ဘတ်ငွေ ၂ သန်းအထိ ထောက် ပံ့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ရေးကို အဓိကအာရုံစိုက်ရည် မှန်းထားတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ၁၇ ကို အကောင်အထည်ဖော်ဖို့ ကမ္ဘာ့နိုင်ငံတွေကြားပိုမိုပူး ပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂအစည်းဝေးက တောင်းဆိုခဲ့ကြောင်း ချိုင်းက ပြောပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုဟာ ကမ္ဘာ့ပြဿနာတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာက အသိအမှတ်ပြုပြောကြား ခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့နောက်ထပ် ပြည်ပခရီးစဉ်ဟာ ဆန်ဖရစ်စ္စကိုမြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့ အ ထိကျင်းပမယ့် APEC အစည်းအဝေးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
APEC အစည်းအဝေးဟာလည်း ထိုင်းနိုင်ငံမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ထောက်ကူပံ့ပိုးဖို့အတွက် အခွင့်အလမ်းကောင်းနေရာတစ်ခုဖြစ်လာလိမ့်မယ်လို့ ချိုင်းက ပြောပါတယ်။
Ref: PM Srettha’s New York visit boosted trade and investment, govt says: The Nation
#PeopleMedia