ဝန်ကြီးချုပ်ဆရက်သာ အစိုးရမူဝါဒများ ထိုင်းလွှတ်တော်ကို တင်ပြ
PUBLISHED - September 12, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂
ဝန်ကြီးချုပ်ဆရက်သာသာဗီဆင်ရဲ့ အစိုးရသစ်ရဲ့မူဝါဒတွေ တင်ပြမှုကို ကြားနာဖို့အတွက် လွှတ်တော်နှစ်ရပ် ပေါင်းထား တဲ့ ထိုင်းလွှတ်တော်အစည်းအဝေးကို စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီခွဲမှာ ကျင်းပခဲ့ ပါတယ်။
အဆိုပါကြားနာပွဲကို လွှတ်တော်ဥက္ကဋ္ဌ မူဟာမက်ဝန်နော်မာသာက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အစိုးရသစ်မူဝါဒကြေညာချက်တွေ မိတ္တူစာရွက်တွေကို လွှတ်တော်အမတ်တွေကို ဝေငှပြီးနောက် အစိုးရမူဝါဒကို ဝန်ကြီးချုပ်ဆရက်သာက မနက် ၉ နာရီ ၄၀ မိနစ်မှာ လွှတ်တော်ကိုတင်ပြခဲ့ပါတယ်။
ဆရက်သာရဲ့တင်ပြမှုတွေထဲမှာ စီးပွားရေးအကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ငွေကြေးသုံးစွဲမှုကို တိုက်တွန်းလှုံ့ဆော်ပေးဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒစ်ဂျစ်တယ်လ်ပုံစံ ပြောင်း ရွှေ့လုပ်ကိုင်ဖို့ လိုအပ်မှုတွေကို အလေးထားပြောကြားသွားပါတယ်။
နှေးကွေးလေးကန်နေတဲ့တိုးတက်မှု၊ ပြည်ပပို့ကုန်ကျဆင်းမှုနဲ့ မိသားစုကြွေးမြီမြင့်တက်နေမှုတို့လို နိုင်ငံရဲ့လက် ရှိ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လုပ်ငန်းအင်အားအတွက် ကာလတိုလှု့ံ့ဆော်စေတဲ့အရာတွေနဲ့ ကာလရှည်စွမ်းရည်တည်ဆောက်မှုတွေလို အမြန်ဆောင်ရွက်ရမယ့်ကိစ္စတွေကိုလည်း ဆရက်သာက ထောက် ပြပြောဆိုသွားပါတယ်။
စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ အစိုးရရဲ့မူဝါဒတွေထဲမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း နဲ့ တစ်ဦးချင်းကြွေးမြီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် အကြွေးလျှော့ချခြင်း၊ စွမ်းအင်ဈေးနှုန်းလျှော့ချ ခြင်းနဲ့ နိုင်ငံရဲ့စွမ်းအင်သုံးစွဲမှုပုံစံကို ပြန်လည်ပြုပြင်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဝင်ငွေရရှိအောင်ဆောင် ရွက်ခြင်း၊ ဒီမိုကရေစီမြှင့်တင်ရေး/ လူထုပါဝင်ဆောင်ရွက်မှုမြှင့်တင်ရေးနဲ့ တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးတို့အ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ခြင်းတို့ ပါဝင်ပါတယ်။
အခွင့်အလမ်းတွေဖန်တီးဖို့၊ ဘဝအရည်အသွေးတွေမြှင့်တင်ဖို့နဲ့ ထိုင်းပြည်သူတွေရဲ့ဝင်ငွေမြှင့်တင်ဖို့ကိစ္စတွေကို လည်း ဝန်ကြီးချုပ်က ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးမှုတွေထဲမှာ စီးပွားရေးဆိုင်ရာသံတမန်အရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရနဲ့ ပုဂ္ဂိလက ပူးပေါင်းဆောင်ရွက်ရေးနဲ့ အခြေခံအဆောက်အဦတွေမှာ ရင်းနှီးမြှုပ်နှံရေးတို့ပါဝင်ပါတယ်။
တပ်မတော်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အစိုးရအစီအစဉ်တွေကို ပြောကြားရာမှာ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းဆောင်နိုင်ရေးစနစ်ကို ပြောင်းလဲရေး၊ စစ်သင်တန်းတွေကို အဆင့်မြှင့်တင်ရေး၊ တပ်မတော်ထိပ်တန်း အရာရှိဦးရေ လျှော့ချရေးနဲ့ လက်ရှိ/ အနာဂတ်ကာလအခန်းကဏ္ဍတွေနဲ့ တပ်မတော်စွမ်းအားကို ချိန်ညှိရေးတို့ ကို စီမံထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
လူမှုရေးအခန်းကဏ္ဍအတွက် အစိုးရဟာ မူးယစ်ဆေးဝါး ရောင်းချ/သုံးစွဲသူတွေကို တိုက်ဖျက်ရေး၊ ဆေးဝါး/ ကျန်းမာရေးနဲ့ ဆက်နွယ်တဲ့ ဆေးခြောက်အသုံးပြုမှုကိုမြှင့်တင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေး၊ တရားမျှတတဲ့ လူ့ဘေင်အဖွဲ့အစည်းတည်ဆောက်ရေးတို့ကိုလည်း ဆရက်သာက ပြောကြားသွားပါတယ်။
ဆရက်သာရဲ့တင်ပြမှုတွေထဲမှာ အစိုးရအဖွဲ့အနေနဲ့ ရိုးသားဖို့၊ ပွင့်လင်းမြင်သာတဲ့အုပ်ချုပ်မှုရှိဖို့၊ ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ဖို့နဲ့ အခွန်ကောက်ခံရေးစနစ်ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ဖို့တွေ ကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။
အစိုးရအနေနဲ့ နိုင်ငံကို ဂုဏ်သိက္ခာရှိရှိ အုပ်ချုပ်သွားမှာဖြစ်ပြီး နိုင်ငံနဲ့ ပြည်သူရဲ့အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာကို ဝန်ကြီးချုပ်ဆရက်သာက ထိုင်းလွှတ်တော်နဲ့ ထိုင်းပြည်သူတွေကို ကတိ ပေးကြောင်း ပြောကြားခဲ့ပါတယ်။
Ref: Srettha highlights urgent economic measures in his govt’s policy statement
#PeopleMedia