ဝန်ကြီးချုပ်ပေထောင်တန် ရေဘေးကူညီရေး အရှိန်မြှင့်ဆောင်ရွက်
PUBLISHED - September 13, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃
ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်တွေမှာ အထူးသဖြင့် ချင်းရိုင်ပြည်နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်က အစိုး ရအဖွဲ့အစည်းတွေကို ညွှန်ကြားလိုက်ပါတယ်။
ကြာသပတေးနေ့က အစိုးရမူဝါဒနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်ပြပြီးနောက် မြောက်ပိုင်းဒေသ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ မစ္စပေထောင်တန်က အရေးပေါ်အစည်းအဝေးကျင်းပပြီး ညွှန်ကြား လိုက်တာဖြစ်ပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ပြည်သူတွေနဲ့ ကျွဲနွားတိရစ္ဆာန်တွေ ဘေးလွတ်ရာရွှေ့ပြောင်းပေးရေးအတွက် ပူး ပေါင်းဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမ ဝန် ကြီးဌာနတို့ကို ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပါတယ်။
ကျွဲနွားတိရစ္ဆာန်တွေအတွက် အစားအစာတွေ အလုံအလောက်ထောက်ပံ့နိုင်အောင် ဆောင်ရွက်ဖို့ လယ်ယာ စိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာနကို ညွှန်ကြားခဲ့သလို ကယ်ဆယ်ရေးစခန်းတွေက ပြည်သူတွေကို ကြည့်ရှု စောင့်ရှောက်ဖို့နဲ့ ဆေးဝါးအကူအညီတွေ ထောက်ပံ့ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာ နနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ကို ညွှန်ကြားခဲ့ပါတယ်။
ရေကြီးနေစဉ်အတွင်း ဒေသခံတွေရဲ့ အိမ်ခြံမြေတွေနဲ့ အိမ်ထောင်စုတွေက မိသားစုဝင်တွေကို စောင့်ရှောက်ဖို့ အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ရေပြန်ကျသွားပြီး အခြေအနေတည်ငြိမ်သွားတဲ့အချိန်မှာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ အခြေခံအဆောက် အအုံတွေနဲ့ ရေ၊ မီး၊ လောင်စာ အစရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ပျက်စီးမှုကို စစ်တမ်းကောက်ယူ အကဲဖြတ်ရမှာဖြစ်သလို ဒေသခံတွေဆီက တိုင်တန်းမှုတွေကိုလည်း စုဆောင်းရယူသွားရမှာဖြစ်ပြီး ပျက်စီးသွား တဲ့ အိုးအိမ်တွေနဲ့ အဆောက်အဦတွေကို ပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။
အန္တရာယ်မြင့်မားတဲ့နယ်မြေတွေမှာ အချက်ပေးစနစ်တွေကို အရှိန်မြှင့်အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ဖို့ သတ္တုရင်းမြစ်ဦးစီးဌာနကို တာဝန်ပေးထားသလို ရေကာတာတွေ အဆင့်မြှင့်တင်ဖို့နဲ့ ရေနုတ်မြောင်းစနစ်အ ဆင့်မြှင့်တင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ သမဝါယမဝန် ကြီးဌာနကို ညွှန်ကြားထားပါတယ်။
မိုးရွာသွန်းမှုနဲ့ ရေအမြင့်ကို မပြတ်စောင့်ကြည့်ပြီး အခြေအနေတွေကို စောင့်ကြည့်အကဲဖြတ်နေဖို့ သဘာဝ ပတ် ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတွေကို ညွှန်ကြားထားသလို တခြားအဖွဲ့အစည်းတွေအားလုံးကိုလည်း သတိဝီရိယ နဲ့ နိုးနိုးကြားကြားနေဖို့ ညွှန်ကြားထားပါတယ်။
ရေကြီးနေစဉ်အတွင်း ဘေးကင်းလုံခြုံမှုလမ်းညွှန်ချက်တွေကို ဒေသခံပြည်သူတွေကို ဒေသတွင်း အဖွဲ့အစည်း တွေက ထောက်ပံ့သွားရမှာဖြစ်သလို အစိုးရအကူအညီတွေကို ဘယ်လိုလက်ခံပြီး ဘေးကင်းရာရွှေ့ပြောင်းနိုင် ဖို့အတွက် ဘယ်လိုပြင်ဆင်ထားရမယ်ဆိုတာကိုလည်း အကြံပေးသွားမှာဖြစ်ပါတယ်။
ရေကြီးမှုပြဿနာကို ရေရှည်ကိုင်တွယ်ဖို့အတွက် လိုအပ်တဲ့ဖြေရှင်းနည်းတွေကို ရေးဆွဲသွားဖို့ ပြည်ထဲရေးဝန် ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာနနဲ့ အမျိုးသား ရေအရင်းအမြစ်ဦးစီးဌာနရုံးတို့ကိုလည်း မစ္စပေထောင်တန်က တာဝန်ပေးထားပါတယ်။
ဒါ့အပြင် ယာယီကယ်ဆယ်ရေးစခန်းတွေအလုံအလောက်ရှိဖို့နဲ့ အဲဒီစခန်းတွေမှာ ခိုလှုံမယ့် ရေးဘေးသင့်ပြည် သူတွေအတွက် အစားအသောက်တွေ ပြင်ဆင်ပေးနိုင်ဖို့ မီးဖိုချောင်တွေကိုပါ ပြင်ဆင်ထားဖို့လည်း ဝန်ကြီးချုပ် က အလေးထား ညွှန်ကြားထားပါတယ်။
မြောက်ပိုင်း အထူးသဖြင့် ချင်းရိုင်နဲ့ ချင်းမိုင် ပြည်နယ်တွေက ရေကြီးသတင်းတွေနဲ့ ပတ်သက်ပြီး နောက်ဆုံး သတင်းတွေကို အချိန်နဲ့ တပြေးညီရရှိနေကြောင်း အစည်းအဝေးမှာ မစ္စပေထောင်တန်က ထည့်သွင်းပြောဆို သွားပါတယ်။
“အစိုးရဟာ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်နေလို့မရပါဘူး။ အစိုးရမူဝါဒ ကြေညာချက်ကို တင်ပြခဲ့တုန်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ညွှန်ကြးခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဒုက္ခသုက္ခတွေ တတ်နိုင်မျှ အမြန်ဆုံးအဆုံးသတ်သွားအောင် အားလုံးက ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
“မြောက်ပိုင်းက အထူးသဖြင့် ချင်းရိုင်က ပြည်သူတွေအတွက် ကျွန်မ အလွန်စိုးရိမ်မိကြောင်း ပြောလိုပါတယ်။ ရေကျပြီး အခြေအနေပြန်ကောင်းလာတာနဲ့ ရေဘေးသင့်ပြည်သူတွေ လျော်ကြေးငွေတွေရရှိအောင် ကျွန်မတို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကြိုတင်အချက်ပေးစနစ်တွေကိုလည်း အဆင့်မြှင့်တင်သွားရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
သောကြာနေ့ (စက်တင်ဘာ ၁၃ ရက်နေ့) မှာ ဝန်ကြီးအဖွဲ့ဝင်တချို့နဲ့အတူ ချင်းရိုင်ပြည်နယ် ရေဘေးသင့် ပြည်သူတွေဆီကို သွားရောက်မှာဖြစ်ပြီး အာဏာပိုင်တွေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက် နေတဲ့အတွက် မိမိတို့အဖွဲ့ကို ကြိုဆိုစရာမလိုကြောင်း ဝန်ကြီးချုပ်ပေထောင်တန်က ပြောပါတယ်။
“ကျွန်မတို့အဖွဲ့ကို တကူးတက လုံးဝ ကြိုဆိုစရာမလိုပါဘူး။ နည်းနည်းပါးပါး လမ်းညွှန်ပေးရင်ရပါပြီ။ ရေဘေး သင့်ပြည်သူတွေကို ကူညီနေတဲ့လုပ်ငန်းတွေကို အနှောင့်အယှက်မဖြစ်စေချင်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
အစိုးရအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် နိုင်ငံတော်ဗဟိုဘတ်ဂျက်ရဲ့ အရေးပေါ်ဘတ် ဂျက်ထဲက ရန်ပုံငွေတွေကို ခွဲဝေပေးသွားမှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
Ref: PM speeds up flood aid
#PeopleMedia