ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့Facebook အကောင့်ကို ဖျက်သိမ်းဖို့ Facebook ကြီးကြပ်ရေးဘုတ်အဖွဲ့ရဲ့ အကြံ ပြုချက်ကို Meta ကုမ္ပဏီ ပယ်ချ

PUBLISHED - August 31, 2023
နိုင်ငံတကာ၊ သြဂုတ် ၃၁
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ Facebook အကောင့်ကို အချိန်တစ်ခုအထိ ယာယီပိတ်ပင်ထားဖို့ Facebook ကြီးကြပ်ရေးဘုတ်အဖွဲ့ရဲ့အကြံပြုချက်ကို Facebook မိခင် ကုမ္ပဏီဖြစ်တဲ့ Meta ကုမ္ပဏီက ပယ်ချ လိုက်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့ (အင်္ဂါနေ့) က ဆုံးဖြတ်ခဲ့ပါတယ်။
နိုင်ငံတွင်းမငြိမ်မသက်မှုတွေဖြစ်ပေါ်နေချိန်မှာ လူသိထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့အကောင့်တွေကို ကန့်သတ်တား မြစ်တဲ့လုပ်ထုံးလုပ်နည်းအပါအဝင် အခုလိုပြုလုပ်တာဟာ Meta ကုမ္ပဏီရဲ့မူဝါဒတွေနဲ့ မကိုက်ညီဘူးလို့ ဆုံး ဖြတ်လိုက်ပြီးနောက် ဟွန်ဆန်ရဲ့ Facebook အကောင့်ကို ပိတ်ပင်ခြင်းမလုပ်ဖို့ Meta ကုမ္ပဏီက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်လရွေးကောက်ပွဲအပြီးမှာ သားဖြစ်သူ ဟွန်မာနတ်ကို အာဏာလွှဲပေးလိုက်တဲ့ ဟွန်ဆန်ဟာ ဇွန်လအတွင်း Facebook ကြီးကြပ်ရေးဘုတ်အဖွဲ့ရဲ့အကြံပြုချက်တွေထွက်ပေါ်လာပြီးနောက် ၎င်းရဲ့အကောင့်ကို လက်ဦး အောင် အရင်ဆုံးဖယ်ရှားခဲ့ပြီး Facebook အဖွဲ့ကိုယ်စားလှယ်တွေကို ကမ္ဘောဒီးယားနိုင်ငံထဲမှာ အလုပ်လုပ်ကိုင် ခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
ဒါပေမဲ့ တယ်လီဂရမ်ကို အဓိကလူထုဆက်သွယ်ရေးလက်နက်ကိရိယာအဖြစ် အသုံးပြုပြီးနောက် သီတင်းပတ် သုံးပတ်အကြာမှာ ဟွန်ဆန်ဟာ Facebook စင်မြင့်ပေါ် ပြန်လည်တက်ရောက်လာခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့အတိုက်အခံ နိုင်ငံရေးပါတီကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီးနောက် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဟာ ရွေးကေက်ပွဲမှာလွှတ်တော်အမတ်နေရာအများစုနဲ့ အပြတ် အသတ် အနိုင်ရရှိခဲ့ပါတယ်။
Facebook ပေါ်မှာ ဟွန်ဆန်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ပြိုင်ဘက်အတိုက်အခံပါတီဝင်တွေကို အကြမ်းဖက် ခြိမ်းခြောက်ခဲ့တာတွေပါဝင်ပြီး Facebook စည်းမျဉ်းတွေကို ဆိုးဆိုးရွားရွားချိုးဖောက်ခဲ့တာကြောင့် ဟွန်ဆန်ရဲ့ အကောင့်ကို ဖျက်သိမ်းဖို့ Facebook ကြီးကြပ်ရေးဘုတ်အဖွဲ့က အကြံပြုခဲ့တာဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ စာတိုက်နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကတော့ Meta ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူး ကြိုဆိုလိုက်ကြောင်း Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။
“Meta ကုမ္ပဏီရဲ့ တရားမျှတတဲ့ဆုံးဖြတ်ချက်အတွက် ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ Facebook ကြီးကြပ်ရေး ဘုတ်အဖွဲ့ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တဲ့ ဆိုးရွားတဲ့အကြံပြုချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။” လို့ ကမ္ဘောဒီးယားအစိုးရက အင်္ဂလိပ်ဘာသာနဲ့ Facebook ပေါ်မှာ ရေးသားခဲ့ပါ တယ်။
Ref: Meta rejects recommendation to suspend former Cambodian prime minister
#PeopleMedia