ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ထံ သွားရောက်လည်ပတ်
PUBLISHED - February 21, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ထံ သွားရောက်လည်ပတ်ဖို့ အတွက် သီးသန့်ဂျက်လေယာဉ်နဲ့ ဖနွမ်ပင်မြို့က ထွက်ခွာလာရာ ဒီကနေ့ (ဖေဖော်ဝါရီ ၂၁ ရက်နေ့) မှာ ထိုင်း နိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ သက်ဆင်နေအိမ်ကို ရောက်ရှိသွားတယ်လို့ PBS World သတင်းဌာနမှာရေး သားဖော်ပြထားပါတယ်။
ဟွန်ဆန်ဟာ သက်ဆင် ပြည်တော်ပြန်လာပြီးနောက်မှာ သက်ဆင်ထံ လာရောက်လည်ပတ်ခဲ့တဲ့ ပထမဦးဆုံး နိုင်ငံခြားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
အဂတိလိုက်စားမှုသုံးမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့သက်ဆင်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တနင်္ဂနွေနေ့မှာ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။ အစောပိုင်းက ဟွန်ဆန်ဟာ ဂျက်လေယာဉ်ပေါ်မှာထိုင်နေတဲ့ပုံနဲ့အတူ သက်ဆင်ထံ သွားရောက်လည်ပတ်မယ့် အကြောင်းကို Facebook ပေါ်မှာ ပို့စ်တင်ရေးသားခဲ့ပါတယ်။
“ထိုင်းဘုရင့်နိုင်ငံတော်ရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ကျွန်တော့်ညီအစ်ကို သက်ဆင်ထံ အလည်အပတ်သွားဖို့ အတွက် ဘန်ကောက်ကိုသွားနေပါပြီ။” လို့ ဒီမနက်က Facebook အကောင့်မှာ ရေးသားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သားဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် ပြည်ပကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဝန်ကြီးချုပ် ဟောင်းသက်ဆင်ကိုလည်း ဟွန်ဆန်က ၎င်းရဲ့ စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖနွမ်ပင်မှာ ကျင်းပခဲ့တဲ့ ဟွန်ဆန်ရဲ့ မွေးနေ့ပွဲကို ၎င်းလိုပဲ ပြည်ပြေးဖြစ်နေတဲ့ ညီမဖြစ်သူ ယင်လတ်နဲ့အတူ သက်ဆင်လည်း တက်ရောက်ခဲ့ပါတယ်။
ဟွန်ဆန်ဟာ ၎င်းရဲ့ကာလရှည်မိတ်ဆွေ သက်ဆင်နဲ့ နေ့လယ်စာသုံးဆောင်ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ဖနွမ် ပင်ကို ပြန်လည်ထွက်ခွာမှာလို့ ဆိုပါတယ်။
Ref: Hun Sen visits “my brother” Thaksin
#PeopleMedia