• Follow Us on

Home ဝန်ကြီးဌာနများအနေဖြင့်ရရှိသည့်ဘတ်ချက်ကို အကျိုးရှိစွာ ထိရောက်အောင်သုံးစွဲကြရန်လိုကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

ဝန်ကြီးဌာနများအနေဖြင့်ရရှိသည့်ဘတ်ချက်ကို အကျိုးရှိစွာ ထိရောက်အောင်သုံးစွဲကြရန်လိုကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၃

 

ဝန်ကြီးဌာနများအနေဖြင့် ရရှိသည့် ဘတ်ချက်ကို အကျိုးရှိစွာ ထိရောက်အောင်သုံးစွဲကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက စိန်ခေါ်မှုများကြောင့် အချို့ဝန်ကြီးဌာနများက ရရှိလာသည့် ဘဏ္ဍာငွေများကို အပြည့်အဝမသုံးစွဲနိုင်သည့် ကိစ္စရပ်များရှိသဖြင့် ပြန်လည်အပ်နှံရသည်များလည်းရှိကြောင်း၊ ယင်းသည် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် ကုန်ထုတ်လုပ်မှု အပိုင်းတို့တွင် နစ်နာမှု ရှိသည့်အပြင် GDP လျော့ကျစေမှုကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် ရရှိသည့် ဘတ် ချက်ကို အကျိုးရှိစွာ ထိရောက်အောင်သုံးစွဲကြရန်လိုကြောင်း၊ ဘတ်ချက်များ စိစစ်သည့်အခါ လိုငွေနှင့် GDP အချိုးကို ကြည့်၍  ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်ရေး ဘောင်သတ်မှတ်လျက် ခွဲဝေချမှတ်ပေးခြင်း ဖြစ် ကြောင်း၊ ပြောသည်။

 

ရသင့်ရထိုက်သည့် ရငွေကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများလည်း ရှိမည် ဖြစ်ကြောင်း၊ အဆိုပါ အခက်အခဲများနှင့် စိန်ခေါ်မှုများကို မည်သို့ကျော်လွှားမည်၊ ကိုယ်ရရှိသည့် ဘတ်ဂျက်ဖြင့် မည်သို့ ကုန်အောင်သုံးမည်၊ ပေးထားသည့် ဘတ်ဂျက်ကို ထိထိရောက်ရောက် ကုန်အောင်သုံးနိုင်မှသာလျင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် အဘက်ဘက်က အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်မှသာ ပြည်တွင်း/ပြည်ပ တင်ပို့သုံးစွဲနိုင်မှုမှတစ်ဆင့် နိုင်ငံတော်  GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊  ထို့ကြောင့် မိမိတို့ ရရှိသည့် ဘတ်ဂျက်များ အကျိုးရှိစွာ အသုံး ပြုနိုင်ရန် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်မျှပင်ရှိစေ ရင်ဆိုင်ကျော်လွှားကြရန် ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အချို့ဝန်ကြီးဌာနများမှ ပြန်အပ်ငွေများ အတွက်လည်း အကျိုးမဲ့ မဖြစ်သွား စေရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး စသည့် ကဏ္ဍများတွင် ပြန်လည်ထည့်သွင်းပြီး သုံးစွဲစေခဲ့သည်ကို သိရှိစေလိုကြောင်း၊ နိုင်ငံ တော်အနေဖြင့် ဘတ်ဂျက်လိုငွေများစွာဖြစ်ပေါ်ပါက နိုင်ငံတော်၏ ကြွေးမြီမြင့် တက်လာနိုင်သောကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှုနှင့် ငွေကြေးဖောင်း ပွမှုနှုန်းကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်လိုငွေကို ရှိသင့်ရှိထိုက်သည့် အတိုင်းအတာအတွင်းသာ ထားရှိရမည်ဖြစ်ကြောင်း ပြောသည်။

 

စာရင်းဇယားများအရ ကြည့်မည်ဆိုပါက ၂၀၂၄-၂၀၂၅ ၏ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၇ ရာခိုင်နှုန်း ရှိသဖြင့် ပျမ်းမျှ ၅ ရာခိုင်နှုန်း ကျော်လွန်နေသည်ကို တွေ့ရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ယခု ၂၀၂၄-၂၀၂၅ တွင် လိုငွေနှင့် GDP အချိုးသည် ၀ ဒသမ  ၀၂ ရာခိုင်နှုန်း တွေ့ရကြောင်း၊ ယင်းသို့ ကွာခြားမှုများကို စိစစ်ရာတွင် တွေ့ရှိရသည့် အကြောင်းအရင်းများမှာ နိုင်ငံခြားငွေနှင့် မြန်မာငွေလဲလှယ်နှုန်း ကွာဟချက်များ ၊ ပင်းပန်းကြမ်းတမ်းမှုနှင့် သက်စွန့်ဆံဖျားစရိတ်၊ သင်တန်းသား ထောက်ပံ့စရိတ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သုံးစွဲရမည့် စရိတ်၊ နိုင်ငံတော်၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျာထားမှုများ ကြောင့် ၂၀၂၃-၂၀၂၄ ထက် ၀ ဒသမ ၀၂ ရာခိုင် နှုန်း တိုးလာရခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊  နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post